၃. ၅. ၂၀၂၃
Written by Tha Doe
အင်းစိန်ထောင်တွင် အကျဥ်းကျခံနေရသည့် ရန်ကုန်တိုင်းစီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦးမှာ အသက်ရှုလမ်းကြောင်းနှင့် ဦးနှောက်ပိုးဝင်ရောဂါဖြင့် အင်းစိန်ဆေးရုံကြီးတွင် ဆေးရုံတက်ရောက်ကုသမှုခံယူစဥ် ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
မြေယာကဏ္ဍများမှ ကျပ်သိန်းပေါင်း သောင်းချီ လာဘ်စားခဲ့မှုများဖြင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးလှစိုး စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦး၊ အစိုးရအဖွဲ့အတွင်းရေး မှူးဟောင်းဦးစိုးစိုးဇော်တို့ သုံးဦးအား အဂတိလိုက်စားမှုများဖြင့် ထောင်နှစ်ရှည်ချမှတ်ထားခြင်းဖြစ်ပြီး ဦးအောင်သန်းဦးမှာ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံထားရသော်လည်း ယနေ့တွင် ပြန်လည်လွတ်မြောက်မည့်စာရင်း၌ ပါဝင်သည်ဟုလည်း ကနဦးသိရှိရသည်။
“ဟုတ်တယ်။ အခု အင်းစိန်ဆေးရုံကြီးမှာ ကွယ်လွန်သွားတယ်သိရလို့ မိသားစုကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်”ဟု ဦးအောင်သန်းဦး၏ မိတ်ဆွေ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက MT News ၏ မေးမြန်းမှုကို ဖြေကြားသည်။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ခဲ့သော ဦးအောင်သန်းဦးသည် မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယနေ့ကွယ်လွန်ချိန်တွင် အသက် ၅၆ နှစ်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။