MT News
၃. ၅. ၂၀၂၃
တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်မှ ရပ်တည်နေကြောင်းပြသရန် SAC အစိုးရထံ လာရောက်တွေ့ဆုံရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လာရောက်တွေ့ဆုံသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H. E Mr. Qin Gang က ယနေ့တွေ့ဆုံစဥ် ပြောကြားခဲ့သည်ဟု သိရသည်။
SAC ဥက္ကဋ္ဌသည် တရုတ်၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H. E. Mr Qin Gang အား ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးသံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံချိန် SAC ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ထို့နောက် Qin Gang က ယခုကဲ့သို့ မြန်မာနိုင်ငံ ခရီးစဉ်လာရောက်ခြင်းမှာ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် ပထမဆုံး အကြိမ်အဖြစ်လာရောက်ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ခရီးစဉ်လာရောက်မှုမှာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြနေသည်သာမက တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်နေမှုကို ပြသခြင်းပင်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် နှစ်နိုင်ငံသံတမန်ဆက်ဆံမှုနှင့် ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့် နိုင်ငံတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ကုန်သွယ်မှုများ မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့် ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် နိုင်ငံရေးကဏ္ဍ၊ နိုင်ငံခြားရေးကဏ္ဍနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။