၂. ၅. ၂၀၂၃
Written by Hey Mar
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မြင်းကင်းအုပ်စု သင်္ဘောဆိပ်ရွာအနီးရှိ၊ ဧရာဝတီမြစ်အတွင်းတွင် ဦးခေါင်းပြတ်ပုပ်ပွနေသည့် အမျိုးသား အလောင်းတစ်လောင်းအား ယမန်နေ့ မေလ ၁ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်က တွေ့ရှိခဲ့ကြောင်း မကွေးအခြေစိုက် ပရဟိတ အသင်းတစ်သင်းမှ သိရသည်။
ရေထဲမှ ပေါ်လာသည့် ရုပ်အလောင်းမှာ ခြေထောက်ကြိုးတုပ်ရာများဖြင့် ဦးခေါင်းပြတ် အရိုးပေါ်နေပြီ ဖြစ်သဖြင့် သေဆုံးခဲ့သည်မှာ ရက်အတော်ကြာပြီဖြစ်ကြောင်း အဆိုပါရုပ်အလောင်းအား ရေထဲမှ ကူညီဆယ်ယူသယ်ဆောင်ကြသည့် တာဝန်ရှိသက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပရဟိတအသင်းများက မှတ်ချက်ပြုသည်။
“တာဝန်ရှိသူတွေ သုံးသပ်စကားကတော့ ကြားရတာတော့ အလောင်းကို ခြေထောက်မှာ ခဲကိုကြိုးနဲ့ချည်ပြီး ရေထဲပစ်ချပုံရတယ်လို့တော့ မှတ်ချက်ပေးတယ်၊ မြစ်အထက်က မျောရင်လည်း ရေနံချောင်းတို့ ဘာတို့ဆို ဒါက လှေသမားတွေ ကမ်းနီးကမ်းနားတွေ တင်နိုင်တယ်၊ အခုပေါ်ပုံက မြစ်ကျိုးအင်းလို ဖြစ်နေတဲ့နေရာမှာ လာပေါ်တာဆိုတော့ အဲ့သည်လို သုံးသပ်နေကြပါတယ် ´´ဟု မကွေးအခြေစိုက် ပရဟိတအသင်းမှ ပူးပေါင်းဆောင်ရွက်စဥ် မျက်မြင်ကြုံတွေ့ရသည့် အခြေအနေကို ပြောသည်။
ရေထဲမှပေါ်လာသည့် ရုပ်အလောင်း၏ ရင်ဘတ်တွင် အမျိုးသမီးတစ်ဦး၏ မျက်နှာပုံ တက်တူးတစ်ခုလဲ ရှိနေပြီး အတိုကောက်စာလုံး TSL ဟု ပါရှိကြောင်း သိရသည်။
တာဝန်သိ ပြည်သူတချို့မှ ရုပ်အလောင်းကို တွေ့ရှိလျှင် တွေ့ရှိခြင်း ပရဟိတအသင်းသို့ ဖုန်းဆက်အကြောင်းကြားကြောင်းပြီး သူနာတင်အသင်းကားဖြင့်ထွက်ခွာကာ သက်ဆိုင်ရာသို့ အကြောင်းကြားပြီး အလောင်းအား မကွေးပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။