၂. ၅. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ဥက္ကလာဟိုးမားပြည်နယ်အတွင်း ရဲတပ်ဖွဲ့က ပျောက်ဆုံးနေသော ဆယ်ကျော်သက်မိန်းကလေးနှစ်ဦးကို ရှာဖွေစဉ်အတွင်း ဥက္ကလာဟိုးမားမြို့မှ မိုင် ၉၀ အကွာရှိ ဟန်ရက်တာမြို့ရှိ လူတစ်ဦး၏ နေအိမ်တစ်ခုတွင် လူခုနှစ်ယောက်၏အလောင်းများကို မေလ ၁ ရက် မွန်းလွဲပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့ရကြောင်း အာဏာပိုင်များက ပြောခဲ့ကြသည်။
ရဲတပ်ဖွဲ့က လွန်ခဲ့သည့် သီတင်းပတ်အကုန်ရက်များတွင် ပျောက်ဆုံးသွားခဲ့သော ဆယ်ကျော်သက် မိန်းကလေးနှစ်ဦးအား လိုက်လံရှာဖွေမှုပြုနေစဉ်အတွင်း ဤကဲ့သို့ အလောင်းခုနှစ်လောင်းအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် သေဆုံးသူများတွင် ပျောက်ဆုံးနေသော ဆယ်ကျော်သက် မိန်းကလေးနှစ်ဦးဖြစ်သည့် အသက် ၁၄ နှစ်ရှိ အိုင်ဗီ ဝက်ဘ်စတာ နှင့် အသက် ၁၆ နှစ်ရှိ ဘရစ်တနီ ဘရူစတာ တို့၏ ရုပ်အလောင်းများလည်းပါကြောင်း ပြောခဲ့သည်။
အဆိုပါမိန်းကလေးနှစ်ဦး၏ ရုပ်အလောင်းများကို လူသတ်ကောင်ဟုယူဆရသော အသက် ၃၉ နှစ်ရှိ ဂျက်ဆီမက်ဖတ်ဒင်၏ ရုပ်အလောင်းဘေးတွင် တွေ့ရှိရခြင်းဟုလည်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။ အချို့သော သတင်းများက ၎င်း မိန်းကလေးနှစ်ဦးသည် မက်ဖတ်ဒင်၏ မယားပါသမီးဖြစ်သော တစ်ဖနီနှင့် ရေကူးသွားကြရန် စီစဉ်ထားခဲ့ကြခြင်းဟုလည်း ဖေါ်ပြခဲ့ကြသည်။ အိုင်ဗီ ဝက်ဘ်စတာ၏ အဖွားကလည်း ၎င်းတို့နှစ်ဦးမှာ ဧပြီလ ၃၀ ရက် ညနေ ၅ နာရီတွင် အိမ်သို့ပြန်လာရန် ပြောခဲ့ကြသော်လည်း ပျောက်ဆုံးသွားခဲ့ကြခြင်းဟု ဆိုခဲ့သည်။
မက်ဖတ်ဒင်မှာ ရာဇဝတ်မှုကျူးလွန်သည့်နောက်ကြောင်းရှိသူဖြစ်၍ ၂၀၀၄ ခုနှစ်အတွင်း ပစ်ဘာ့ဂ်ခရိုင်၌ မုဒိမ်းကျင့်မှုနှင့် ခိုးမှုတို့ဖြင့် တရားစွဲခံခဲ့ရသည်။ ထို့ပြင် လိင်ရာဇဝတ်မှုကျူးလွန်သူအဖြစ် ၎င်းအား စာရင်းသွင်းမှတ်ပုံတင်ခံထားရသည်။အခြားသေဆုံးသူလေးဦးအား မည်သူမည်ဝါဖြစ်သည်ကို အတည်မပြုသေးသော်လည်း ၎င်းတို့လေးဦးမှာ ဂျက်ဆီမက်ဖတ်ဒင်၏ ဇနီး၊ မယားပါသမီး တစ်ဖနီနှင့် သားနှစ်ဦးတို့ ဖြစ်ကြဖွယ်ရှိကြောင်း မီဒီယာများက ဖေါ်ပြနေကြသည်။
Ref——Daily Mail