၂. ၅. ၂၀၂၃
Written by Ye Kyaw
အာဆီယံအနေဖြင့် မြန်မာနိုင်ငံကို ချန်ထားခဲ့မှုများ ဆောင်ရွက်မည်မဟုတ်ဘဲ စီးပွားရေးအရ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း မေ ၂ ရက်တွင် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)၌ ပြုလုပ်သည့် ASEAN-BAC Roadshow အခမ်းအနားမှ သိရသည်။
“အာဆီယံနိုင်ငံတွေအနေနဲ့ အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လည်း မြန်မာနိုင်ငံမှာ လာပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးတော့လုပ်ဖို့ သူတို့ရည်မှန်းထားပါတယ်” ဟု ASEAN Business Advisor Council (ASEAN-BAC) ၏ ဥက္ကဋ္ဌ Mr. Arsjad Rasjid က ပြောသည်။
ASEAN-BAC ဥက္ကဋ္ဌ Mr. Arsjad Rasjid သည် မြန်မာနိုင်ငံသို့ မေ ၁ ရက်မှ မေ ၃ ရက်အတွင်း ASEAN-BAC Roadshow အစီအစဥ်တစ်ရပ်အဖြစ် ရောက်ရှိနေခြင်းဖြစ်ပြီး ခရီးစဥ်၏ ရည်ရွယ်ချက်မှာ ယခုနှစ်အတွက် အဓိကဦးစားပေးကဏ္ဍ (၅)ခု ဖြစ်သည့် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ ကျန်းမာရေးဒဏ်ခံနိုင်စွမ်းကိုမြှင့်တင်မှု၊ စားနပ်ရိက္ခာဖူလုံရေးတို့ကို ဒေသတွင်းနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကို ရရှိရန်နှင့် အထောက်အပံ့ပြုနိုင်မည့် ကဏ္ဍများတွင် ပံ့ပိုးကူညီရန်တို့ဖြစ်သည်။
“ဒီအစည်းအဝေးမှာတော့ သိသာထင်ရှားတဲ့ ကျွန်တော်တို့ ဆွေးနွေးချက်တွေအနေနဲ့ကတော့ အာဆီယံသည် မြန်မာနိုင်ငံရဲ့စီးပွားရေး၊ မြန်မာနိုင်ငံရဲ့ ပြည်သူလူထုကို နောက်မှာချန်ထားခဲ့မှာမဟုတ်ပါဘူးဆိုတဲ့ အချက်ကို အဓိကထားပြီးတော့ ဆွေးနွေးသွားတာကို သတိထားမိပါတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောသည်။
ယခုကဲ့သို့ ASEAN-BAC ဥက္ကဋ္ဌ Mr. Arsjad Rasjid ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခြင်းသည် မြန်မာနိုင်ငံအတွက် အာဆီယံဒေသတွင်းနိုင်ငံများနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်မည့် အခွင့်လမ်းကောင်းများဖြစ်ပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အာဆီယံဒေသို့ ဈေးကွက်ထိုးဖောက်မှုများအတွက် ကောင်းမွန်သည့် မျှော်လင့်ချက်ဖြစ်ကြောင်း သိရသည်။
“အာဆီယံနဲ့က လုပ်နေတာတွေကရှိနေတာပဲ။ ဒါပေမဲ့ အာဆီယံစီးပွားရေးဆိုင်ရာဥက္ကဋ္ဌ လာရောက်တယ်ဆိုတော့ တရားဝင်စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုတဲ့ ပြတင်းပေါက်တစ်ခုကို ဖွင့်ပေးလိုက်တာပါ” ဟု အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ASEAN Business Advisor Council (ASEAN-BAC) ဥက္ကဋ္ဌအနေဖြင့် အင်ဒိုနီးရှားနိုင်ငံက တာဝန်ယူထားပြီး ASEAN-BAC Roadshow ခရီးစဥ်တွင် စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း စသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံ (၆) နိုင်ငံသို့ သွားရောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။