၂. ၅. ၂၀၂၃
Written by Peya
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် တစ်ပါးတည်း သီတင်းသုံးနေသော ဘုန်းတော်ကြီးတစ်ပါး ဓားခုတ်ခံရပြီး ငွေနှင့် ဖုန်းလုယူခံရလိုက်ရကြောင်း အဆိုပါ ဖြစ်စဉ်တွင် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့သည့် ကင်းရုံးလူငယ် ပရဟိတအသင်းထံက မေလ ၂ ရက်တွင် သတင်း ရရှိသည်။
ဖြစ်စဉ်မှာ မေလ ၂ ရက်က ဂွမြို့နယ်၊ ရဟိုင်းကွင်းရွာရှိ ရွှေနန်းခိုင်ဘုရားတွင် တစ်ပါးတည်း သီတင်းသုံး နေထိုင်သော သက်တော် ၆၀ ကျော် ဘုန်းတော်ကြီးတစ်ပါးအား လူတစ်ဦးမှ ဓားနှင့်ခုတ်ကာ ငွေနှင့် ဖုန်းအား ယူဆောင်သွားခြင်းဖြစ်ပြီး မနက်ပိုင်း အရုဏ်ဆွမ်း ပိုချိန်ရောက်မှ ထိုသို့ ဖြစ်ပွားခဲ့ကြောင်းကို သိရခြင်းဖြစ်ကာ မည်သည့် အချိန်တွင် အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းကို မသိရဘဲ ဘုန်းတော်ကြီး၏ ဦးခေါင်းပိုင်းတွင် ဓားခုတ်ဒဏ်ရာနှင့်အတူ အခြားဒဏ်ရာများလည်း ရသွားခဲ့ကြောင်း ဒေသခံများထံက စုံစမ်းသိရသည်။
အဆိုပါ ဖြစ်စဉ်ကို သိသိချင်းပင် လူနာကို ဂွမြို့ ပြည်သူ့ဆေးရုံသို့ ပို့ခဲ့ရာ ဒဏ်ရာများလွန်းသည့်အတွက် သံတွဲပြည်သူ့ ဆေးရုံသို့ လွှဲပြောင်းကုသရန် ညွှန်ကြားချက်ကြောင့် ပြောင်းရွှေ့ကုသရန် တင်ပို့ခဲ့ရာ နံနက်ပိုင်း ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် အဆိုပါ ဆေးရုံသို့ ရောက်ရှိသွားပြီး ကုသမှုခံယူနေပြီ ဖြစ်ကြောင်း သိရသည်။