၂. ၅. ၂၀၂၃
Written by Peya
ပြင်သစ်နိုင်ငံတွင် ပြုလုပ်သည့် Giraffe Film Festival ရုပ်ရှင်ပွဲတော်တွင် မြောက်ဦးမြို့အကြောင်း ရိုက်ကူးထားသည့် “My Hidden City” မှတ်တမ်းရုပ်ရှင်က အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဇာတ်ကားတိုဆု ရရှိခဲ့ကြောင်း အဆိုပါရုပ်ရှင်နှင့် ဆက်စပ်သူများထံက သတင်းရရှိသည်။
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီတွင်ရိုက်ကူးခဲ့သည့် အဆိုပါ မှတ်တမ်းရုပ်ရှင်ကို ဒါရိုက်တာ ဝဏ္ဏကျော်နှင့် အမေရိကန်လူမျိုး ဒါရိုက်တာ Mr Barry Pousman တို့ ပူးပေါင်း ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး Mr Kimball Gallagher နှင့် ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းတို့က အဓိကပံ့ပိုးပေးထားခြင်းဖြစ်ကာ ဘာသာစကား ၈ မျိုးခန့် ဘာသာပြန်ထားပြီး နိုင်ငံပေါင်း ၃၀ ကျော်တွင် ပြသခဲ့ပြီး ဖြစ်ကြောင်းနှင့် ပြီးခဲ့သည့်နှစ် ဂျပန်အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွင် ဂုဏ်ပြုရည်ညွှန်းဆုလက်မှတ်ရခဲ့ကာ ယခုတစ်ကြိမ်တွင် အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဇာတ်ကားတိုဆုရခြင်း ဖြစ်သည်။
“ကျွန်တော်နှင့် အမေရိကန်ဒါရိုက်တာ Barry Pousman တို့ မြောက်ဦးမြို့ ယူနက်စကိုထိန်းသိမ်းစောင့်ရှောက်ခံဒေသအဖြစ် စာရင်းဝင်နိုင်စေရေးအတွက် ပူးတွဲရိုက်ကူးခဲ့သော “ကျွန်မရဲ့ပုန်းကွယ်နေသောမြို့” မှတ်တမ်းရုပ်ရှင်ဇာတ်ကားမှာ ပြင်သစ်နိုင်ငံ Nice မြို့တွင် ကျင်းပပြုလုပ်သော Giraffe Film Festival တွင် March, April Addition အတွက် အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဇာတ်ကားတိုဆုကို ဆွတ်ခူးရရှိပါသည်” ဟု ဒါရိုက်တာ ဝဏ္ဏကျော်က ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် အသိပေးထားသည်။
အဆိုပါဆုရကြောင်းကို အီးမေးလ်ပို့ကာ အကြောင်း ကြားခဲ့ခြင်းဖြစ်ပြီး ရခိုင်-မြန်မာပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်း၏ မြေး မစောနန်းဣသျှင်နှင့် ကိုစောမင်းဖြူတို့က အဓိကပါဝင်ထားကာ ရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ မြောက်ဦးမြို့က ရှေးဟောင်းစေတီ ပုထိုးများအကြောင်းကို ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။