၂. ၅. ၂၀၂၃
Translated by Htwe Ko Tun
ဂါဘွန်နိုင်ငံတွင် မှတ်ပုံတင်ထားသော ရေနံတင်သင်္ဘောတစ်စီးသည် မလေးရှားနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး သင်္ဘောသားသုံးဦးပျောက်ဆုံးနေသောကြောင့် ရှာဖွေရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း မလေးရှား ရေကြောင်းသွားလာရေးအာဏာပိုင်အဖွဲ့က မေလ ၂ ရက် နံနက်တွင်ထုတ်ပြန်သော ကြေညာချက်တစ်ရပ်၌ ဖော်ပြခဲ့သည်။
မလေးရှားနိုင်ငံ ရေကြောင်းသွားလာရေးအာဏာပိုင်အဖွဲ့ (MMEA) က ဂျိုဟောပြည်နယ်အတွင်း Tanjung Sedili မြို့ ကမ်းရိုးတန်း၏ အရှေ့မြောက်ဘက် ရေမိုင် ၃၇ ဒသမ ၅ မိုင်အကွာတွင် အဆိုပါ ရေနံတင်သင်္ဘောမီးလောင်နေကြောင်း မေလ ၁ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် အကြောင်းကြားချက်ရရှိခဲ့သည်။ ထိုရေနံတင်သင်္ဘောက သင်္ဘောသား ၂၈ ဦးနှင့်အတူ တရုတ်နိုင်ငံမှ စင်ကာပူနိုင်ငံသို့ ခုတ်မောင်းလာခြင်းလည်းဖြစ်သည်။
မလေးရှားရေတပ်မှ ကင်းလှည့်သင်္ဘောတစ်စီးက သင်္ဘောသားများကို ကယ်ဆယ်ရန် အဆိုပါနေရာသို့ ရောက်ရှိလာခဲ့သည်။ MMEA ညွှန်ကြားရေးမှူး ရေတပ်ဗိုလ်ချုပ်ကြီး နူရူလ် ဟီဇမ် ဇာကာရီယာက “ကံကောင်းထောက်မစွာဘဲ ရေနံတင်သင်္ဘောပေါ်က သင်္ဘောသား ၂၃ ဦးကို ကျွန်တော်တို့ သင်္ဘောနှစ်စီးနဲ့ ကယ်ဆယ်နိုင်ခဲ့ပြီးပြီ။ နှစ်ဦးကိုလည်း ကယ်ဆယ်ဖို့လုပ်နေပြီ။ သုံးဦးကတော့ ပျောက်ဆုံးနေတယ်။ ပျောက်နေတဲ့သုံးယောက်က မီးလောင်ချိန်မှာ ရေနံတင်သင်္ဘောကို စွန့်ခွာသွားကြလား။ ပင်လယ်ထဲကိုပဲခုန်ချလိုက်လား။ ဒါမှမဟုတ်သင်္ဘောထဲမှာပဲ ပိတ်မိနေလား။ စုံစမ်းစစ်ဆေးနေပါတယ်” ဟု ပြောခဲ့သည်။
စင်ကာပူရေကြောင်းသွားလာရေးနှင့် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ကလည်း မီးလောင်ခဲ့သော ရေနံတင်သင်္ဘော၏ အမည်မှာ MT Pablo ဖြစ်ကြောင်းပြောခဲ့သည်။ သတင်းဗီဒီယိုများတွင်လည်း မီးလောင်နေသောရေနံတင်သင်္ဘောမှ မီးခိုးလုံးကြီးများ အလိပ်လိုက် တက်လာသည်ကို တွေ့ကြရသည်။ သို့ရာတွင် မီးလောင်မှုကြောင့် သဘာဝပတ်ဝန်းကျင်အား တစ်စုံတစ်ရာ ကျယ်ကျယ်ပြန့်ပြန့်သက်ရောက်မှုရှိခဲ့သည်လား ဆိုသည်ကိုမှု လတ်တလောရှင်းလင်းစွာ မသိရသေးပေ။
Ref——-CNN