MT News
Written By Thandar
၂၀၀၁ ခုနှစ်က စတင်ပြီး ယိမ်းအကအလှတွေနဲ့ အနုပညာလှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့တဲ့ မမများအဖွဲ့ကို လူဦးရေ ၁၅ယောက်နဲ့ ယနေ့ မေ ၁ ရက်နေ့မှာ ပြန်လည်ဖွဲ့စည်းလိုက်တယ်လို့ MT News ကို မမများအဖွဲ့ဝင် အကယ်ဒမီဝါဝါအောင်က ပြောပါတယ်။
“အန်တီဝါတို့ ၁၅ ယောက်နဲ့ ပြန်လည်ဖွဲ့စည်းလိုက်တာပါ ။ လူဟောင်းက ၇ ယောက်နဲ့ လူသစ် ၈ ယောက် ထပ်ပေါင်းထည့်လိုက်တာပါ။ အရင်အဖွဲ့တွေက ကျန်းမာရေးအရ သူတို့စိတ်နဲ့သူတို့ မပါဝင်တော့တာရှိတယ်။ ကျန်းမာရေးမကောင်းကြလို့ ထွက်ကြတာရှိတယ်။ အန်တီလုံး(ခ)မလုံးတင်ကလည်း သူ့အသက်ကြီးလာပေမယ့် ဒီအဖွဲ့အစည်းအနေမထွက်ဖူးပေါ့။ သူ့မထွက်သ၍ကတော့ အန်တီဝါတို့က မထုတ်ပါဘူး။ ကိုယ့်စိတ်နဲ့ကိုယ် ထွက်သွားမှပဲ ထွက်တာပေါ့။ မသန်းသန်းဆင့်ကလည်း ကျန်းမာရေးမကောင်းလို့ ထုတ်လိုက်မယ်ထင်တာ မထုတ်ပါဘူး။ ကိုယ့်စိတ်နဲ့ကိုယ် ထွက်မယ်လို့မပြောမခြင်းတော့ ထုတ်လိုက်တာမျိုးမလုပ်ပါဘူး” လို့ အကယ်ဒမီ ဝါဝါအောင်က ပြောပါတယ်။
အဆိုပါ မမများအဖွဲ့ရဲ့ လူဟောင်းအနေနဲ့ အကယ်ဒမီ ဝါဝါအောင် ၊ အေးအေးခိုင် ၊ ဒေါ်လုံးတင် ၊ အိမ့်ကြာဖြူ ၊ ဇာခြည်လွင် ၊ ချောအိအိငြိမ်း နဲ့ မသန်းသန်းဆင့်တို့ ခုနစ်ဦး ကျန်ရှိတာဖြစ်ပါတယ်။ မသန်းသန်းဆင့်က တင်ပါးဆုံခွဲစိတ်ရမှာဖြစ်ပြီး ကျန်းမာရေးမကောင်းတဲ့အတွက် မမများအဖွဲ့ နာယကအနေနဲ့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
အသစ်အဖွဲ့ဝင် ၈ ဦးမှာ ဇာတ်ပို့ဇာတ်ရံနဲ့ ယဥ်ကျေးမှုတက္ကသိုလ် သင်တန်းဆင်း သူဇာပွင့် ၊ ဆု ၊ အိမ့်ဂျူလိုင်မိုး ၊ ခင်ဖြူဖြူသန့် ၊ နန်းဝင့်ဖြိုး ၊ ဟန်နီခေတ် ၊ လင်းလတ် နဲ့ သင်္ဂီမြင့် တို့ ၈ ဦးပါဝင်တယ်လို့ သိရပါတယ်။
“အန်တီဝါ အဖွဲ့ပြန်လည်စတင်ကပြမှုအပိုင်းအတွက် ဆံထုံးပိုင်းကအစ ခြေအဆုံး တူညီဝတ်စုံတွေနဲ့ ကပြဖျော်ဖြေရတာမို့ လက်ရှိမှာ ဘာမှ မလုပ်ရသေးပါဘူး။ အိမ့်ကြာဖြူရဲ့ အမျိုးသား ကိုဝင်းနိုင်က မ,တည်ငွေ ၁ သိန်းလှူတယ်။မန္တလေးက ထာဝရပိုးထည်တိုက် မမာမာမြင့်က ဝတ်စုံစပွန်ဆာ ပေးတယ်။ ဒီဇိုင်နာ မိုးမြတ်သူဇာက ပိတ်စရော ကိုယ်တိုင်ချုပ်ပေးမှာပါ”လို့ သူမကဆက်ပြောပါတယ်။
မမများအဖွဲ့ကို ၂၀၀၁ ခုနှစ်က လူဦးရေ ၁၂ ယောက်နဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၀၈ ၊ ၂၀၀၉ ခုနှစ်ကမှ အကယ်ဒမီ ဝါဝါအောင်က အဆိုပါအဖွဲ့ကို ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ မမများအဖွဲ့ကို ၂၀၁၉ ခုနှစ် မတ်လပိုင်းက မန္တလေးမှာ ကပြဖျော်ဖြေပြီးနောက် ကိုဗစ်ကာလက စတင်ပြီး အခု ၂၀၂၃ ခုနှစ် ဧပြီလအထိ ရပ်နားခဲ့တာဖြစ်ပါတယ်။