၂၆. ၄. ၂၀၂၃
Written by Peya
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က မှတ်ပုံတင်ခွင့်ပြုသည့် နိုင်ငံရေးပါတီ ၅ ပါတီအထိ ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ထားသော စာရင်းအချက်အလက်များအရ MT News သတင်းဌာနကသိရှိရကာ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီကိုလည်း နိုင်ငံရေးပါတီအဖြစ် လျှောက်ထားခွင့်ပြုခဲ့ကြောင်း သိရသည်။
ဧပြီလ ၂၅ ရက်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်) နှင့် ဖလုံ – စဝေါ် ဒီမိုကရက်တစ်ပါတီတို့ကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု UEC က အသိပေးထားသည်။
ပြီးခဲ့သည့် ဧပြီ ၂၀ ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အထက်ပါ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ရခဲ့ပြီး မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD) သည် ဧပြီလ ၂၄ ရက်တွင် မှတ်ပုံတင်ခွင့်ရရှိခဲ့သည်။
ထို့အပြင် ပါတီတည်ထောင်ခွင့်လျှောက်ထားလာသည့် အဖွဲ့ ၁၃ ဖွဲ့ ရှိသည့်အနက် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း တွေ့ရသဖြင့် UEC က နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကာ အဆိုပါ ပါတီအနေဖြင့် ရက်ပေါင်း ၄၀ အတွင်း နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားရမည် ဖြစ်သည်။
“ရွေးကောက်ပွဲက ဘယ်တော့ဖြစ်မလဲဆိုတာက ခန့်မှန်းခြေအားဖြင့်ကတော့ ၂၀၂၄ ခုနှစ်ပေါ့။ ၂၀၁၄ မှာ သန်းခေါင်စာရင်း တစ်ခါ ကောက်ခဲ့တာ။ ၁၀ နှစ်နေတဲ့အခါ ၂၀၂၄ မှာ သန်းခေါင်စာရင်း ကောက်ဦးမှာဆိုတော့ ၂၀၂၄ ခုနှစ် မိုးအကုန် ပွင့်လင်းရာသီမှာ ရွေးကောက်ပွဲ အစောဆုံး ဖြစ်မယ်လို့ ခန့်မှန်းပါတယ်” ဟု အမည်မဖော်လိုသူ တစ်ဦးက ဆိုသည်။
နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ရန် လျှောက်ထားသည့် ပါတီ ၆၃ ပါတီရှိကာ ယင်းပါတီများထဲ ၁၃ ပါတီမှာ ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်မည့် ပါတီများဖြစ်ပြီး တည်ထောင်ခွင့် ပြန်လည်လျှောက်ထားခြင်းမရှိသည့် နိုင်ငံရေးပါတီ ၄၀ ကို နိုင်ငံရေးပါတီအဖြစ်က ရုပ်သိမ်းကြောင်း ကြေညာထားသည်။