၂၆. ၄. ၂၀၂၃
Written by Ye Kyaw
ASEAN Business Advisory Council (ASEAN-BAC) ဥက္ကဋ္ဌသည် မြန်မာနိုင်ငံသို့ လာရောက်၍ အာဆီယံနိုင်ငံများအကြား ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း ရှာဖွေနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် Business Forum ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် (UMFCCI)မှ သိရသည်။
“အာဆီယံအတွက် အခုက အင်ဒိုနီးရှားက တာဝန်ယူထားတာ။ အင်ဒိုနီးရှားဥက္ကဋ္ဌက အာဆီယံရဲ့ ဥက္ကဋ္ဌဖြစ်တဲ့အတွက် အာဆီယံနိုင်ငံတွေကို ပတ်ပြီးတော့ ခရီးစဥ်ထွက်နေတာ။ မေလ ၂ ရက်မှာ Business Forum ကျင်းပမယ်။ မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေပါမယ်။ အာဆီယံဘက်ကလည်း ဒိတ်ဒိတ်ကြဲ လုပ်ငန်းရှင်တွေပါမယ်” ဟု UMFCCI မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အင်ဒိုနီးရှားနိုင်ငံမှ အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ်ကာလအတွင်း ASEAN-BAC Indonesia Chair သည် အာဆီယံနိုင်ငံများသို့ Road Show ခရီးစဉ်များသွားရောက်၍ အင်ဒိုနီးရှားနှင့် အာဆီယံနိုင်ငံများအကြား ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းရှာဖွေနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်သည်။
ASEAN-BAC Indonesia Chair, Mr. Arsjad Rasjid P.M ဦးဆောင်သော စီးပွားရေးကောင်စီ အဖွဲ့ဝင်များသည် မြန်မာနိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်မှ မေလ ၃ ရက်အတွင်း လာရောက်ရန် စီစဉ်လျက်ရှိပြီး ခရီးစဉ်အတွင်း ကုန်သည်စက်မှုအသင်းချုပ်နှင့်ပူးပေါင်း၍ Business Forum ကျင်းပသွားမည်ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်မည့် Business Forum ကို လာမည့် မေလ ၂ ရက်တွင် မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် (UMFCCI)၏ ပထမထပ် (မင်္ဂလာခန်းမ)၌ နံနက် ၉ နာရီခွဲမှ နေ့လည် ၁၂ နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ Business Forum တွင် ASEAN-BAC Indonesia Chair မှ အာဆီယံနိုင်ငံများနှင့် ဦးစားပေး ဆောင်ရွက်သွားမည့် စီးပွားရေးကဏ္ဍများ၊ အစီအစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ အာဆီယံ-မြန်မာအကြား စီးပွားရေးပေါင်းစည်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် ပံ့ပိုးကူညီပေးနိုင်မည့် အစီအစဉ်များကို Panel Discussion တွင် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပုဂ္ဂိုလ်များမှ ဆွေးနွေး၍ အမေးအဖြေကဏ္ဍများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။