MT News
၂၆. ၄. ၂၀၂၃
၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၃ ခုနှစ်၊ မေ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင်မည့် အားကစားသမား ၃၄၁ ဦးသည် အားကစားနည်း ၁၉ နည်း၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ အောင်မြင်မှုများအတွက် ထိုက်တန်စွာဂုဏ်ပြုမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲများအား အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားကို ဧပြီ ၂၆ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ အားကစားရုံ(B)ဆောင်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။ ထိုအမှာစကားတွင် SEA Games 2023 မှာ ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၃ ခုနှစ် ၊ မေ ၅ ရက်နေ့မှ ၁၇ ရက်အထိ ကျင်းပ ပြုလုပ်တော့မည်ဖြစ်သဖြင့် ရက်အနည်းငယ်သာ လိုတော့သည့်အတွက် ပြိုင်ပွဲဝင်ကြမည့် အားကစားမောင်မယ် အပေါင်းတို့သည် ရုပ်ပိုင်းဆိုင်ရာ အသင့်၊ စိတ်ပိုင်းဆိုင်ရာ အသင့်၊ အားကစားပညာရပ်ပိုင်းဆိုင်ရာ အသင့်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အသင့်၊ အစစ အရာရာပြိုင်ပွဲဝင်ကြဖို့ အသင့်ဖြစ်နေကြပြီဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ယခု (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ကြမည့် မြန်မာအားကစားအဖွဲ့အနေဖြင့် ယခင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲများကထက် ဆုတံဆိပ်များ ပိုမိုရရှိအောင် စွမ်းဆောင်ပေးနိုင်ကြမည်ဆိုပါက မြန်မာအားကစားအဖွဲ့၏ အောင်မြင်မှုသမိုင်းကို ပိုမိုပြောင်းလဲမှတ်တမ်းတင်သွင်းနိုင်ကြမည်ဖြစ်ကြောင်းနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသည် အာဆီယံတွင် အမြင့်မားဆုံးသော အိုလံပစ်အားကစားပြိုင်ပွဲဖြစ်သော်လည်း ယခုပြိုင်ပွဲမှာတင် ကျေနပ်မနေဘဲ အာရှ အိုလံပစ်၊ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့်အထိ မျှော်မှန်း ကြိုးပမ်းသွားကြစေလိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားသည်။
ယခုနိုင်ငံတော်ကို ကိုယ်စားပြုပြီး သွားရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများသည် ကောင်းမွန်သည့် ကျန်းမာကြံ့ခိုင်မှု၊ နည်းစနစ်ပိုင်နိုင်ကျွမ်းကျင်မှု၊ အားကစားစွမ်းဆောင်ရည်မြင့်မားမှု၊ စံချိန်စံညွှန်းကောင်းမွန်မှု စသည့်အချက်များနှင့် ပြည့်ပြည့်ဝဝ ခိုင်ခိုင်မာမာရှိနေပြီဟု ယုံကြည်ထားပြီး ဖြစ်ကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြိုင်ပွဲတွင် အောင်နိုင်ရေးနှင့် အမိနိုင်ငံတော်၏ ဂုဏ်ကို မြှင့်တင်ရေးဆိုသည့် တာဝန်ကြီးကို နိုင်ငံတော်က ပေးအပ်လိုက်ပြီး ဖြစ်ခြင်းကြောင့် မြန်မာအားကစား အဖွဲ့ဝင်များအားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို အရင်းတည်ပြီး ဇွဲ၊ လုံလ၊ ဝီရိယစိုက်ထုတ်ကာ အစွမ်းကုန်ကြိုးပမ်းသွားကြရန် ထပ်မံတိုက်တွန်းလိုကြောင်းနှင့် အားကစားအောင်မြင်မှုများအတွက်လည်း ထိုက်တန်စွာဂုဏ်ပြုသွားမည် ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။