◾️ ဂျိုးဘိုင်ဒန်၏ မဲဆွယ်ပွဲလှုပ်ရှားမှုက ၎င်း၏အသက်ပြဿနာကို ကျော်လွှားနိုင်မည်လော
၂၆. ၄. ၂၀၂၃
Translarted by Htwe Ko Tun
‘အချိန်နှင့်ဒီရေသည်လူကိုမစောင့်’ ဟူသောစကားရှိပေသည်။ ထိုစကားအရရော၊ အများလက်ခံသုံးသပ်ကြသည့်အမြင်တွင်ပါ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ ၈၀ နှစ်ရှိပြီဖြစ်သောအသက်က အမေရိကန်သမ္မတတစ်ဦးအဖြစ် နောက်ထပ်လေးနှစ်ဒုတိယသက်တမ်းတာဝန်ယူနိုင်ရန်ဖြစ်နိုင်ပါမည်လားဆိုသည်မှာ အရေးကြီးသော ပြဿနာတစ်ရပ်ဖြစ်လာနေသည်ကို တွေ့ရပေမည်။
၎င်းအနေဖြင့် သမ္မတရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်များအား စည်းရုံးလှုပ်ရှားမှုတွင် ထိုအချက်က သမ္မတတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရန် အဓိကအလေးထားရမည့်အချက်တစ်ရပ်မဟုတ်ဟု သိမ်းသွင်းစည်းရုံးမှုပြုနိုင်မည်လား ဆိုသည်မှာ အမေရိကန်နိုင်ငံရေးလောကတွင် စိတ်ဝင်စားဖွယ်ဖြစ်လာနေရသည်။
ဘိုင်ဒန်က ဧပြီလ ၂၅ ရက်တွင် ၎င်းအနေဖြင့် ဒုတိယအကြိမ်သမ္မတသက်တမ်းအတွက် တာဝန်ထမ်းဆောင်ရန် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားလိုသည့်ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ သမ္မတအဖြစ်တာဝန်ထမ်းဆောင်နေသော ဘိုင်ဒန်အနေဖြင့် ယခုအခါ အသက် ၈၀ ရှိခဲ့ပြီဖြစ်ရာ အမေရိကန်ပြည်ထောင်စု၏ သမ္မတများအနက်အသက်အကြီးဆုံးလည်းဖြစ်သည်။ ၎င်းအနေဖြင့် အသက် ၈၂ နှစ်ရှိချိန်တွင် သမ္မတတာဝန် ပထမသက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ပြန်လည်၍ ရွေးကောက်ခံခဲ့ရမည်ဆိုပါက ဒုတိယသက်တမ်းကုန်ဆုံးချိန်တွင် အသက် ၈၆ နှစ်အထိ ရှိလာမည်ဖြစ်သည်။
အမေရိကန်အစိုးရ၏ အာမခံကိန်းဂဏန်းဆိုင်ရာ အချက်များအရဆိုလျှင်မူ အသက် ၈၂ နှစ်အထိ ရှိပြီဖြစ်သော အမေရိကန်သက်ကြီးရွယ်အိုတစ်ဦးအနေနှင့် လာမည့်တစ်နှစ်အတွင်း သေဆုံးနိုင်မှု ရှစ်ရာခိုင်နှုန်းရှိသည်ဟု ဆိုကြသည်။
မကြာမီက အမေရိကန်သတင်းဌာနခွဲ NBC News က ပြုလုပ်ခဲ့သော ဆန္ဒမဲကောက်ခံချက်တစ်ရပ်အရ အမေရိကန်ပြည်သူများ၏ ၇၀ ရာခိုင်နှုန်းက ဘိုင်ဒန်အား သမ္မတရွေးကောက်ပွဲတွင် ထပ်မံမယှဉ်ပြိုင်သင့်တော့ဟု ဆန္ဒပြုခဲ့ကြသည်။ ထိုစစ်တမ်းတွင် ဒီမိုကရက်ပါတီဝင် ၅၇ ရာခိုင်နှုန်းကလည်း ၎င်းအားသမ္မတရွေးကောက်ပွဲမယှဉ်ပြိုင်သင့်တော့ဟု ဆန္ဒပြုခဲ့ကြကြောင်း သိရပြန်သည်။ ၎င်းအား ရွေးကောက်ပွဲ ထပ်မံမယှဉ်ပြိုင်သင့်တော့ဟု ဆန္ဒပြုခဲ့ကြသူများအနက် ထက်ဝက်ခန့်၏ အဓိကအကြောင်းမှာ ၂၀၂၄ ခုနှစ်တွင် ၎င်း၏အသက်အရွယ်ကြောင့်ဖြစ်ကြောင်းလည်း လေ့လာတွေ့ရှိခဲ့ရသည်။
၂၀၂၂ ခုနှစ်အတွင်းက အောက်လွှတ်တော်အမတ် ၅၄ ဦးက သမ္မတအိမ်ဖြူတော်သို့ စာတစ်စောင် လက်မှတ်ရေးထိုးပေးပို့ခဲ့ကြရာ၌ ၎င်းတို့အနေဖြင့် သမ္မတဂျိုးဘစ်ဒင်အဖို့ တာဝန်ထမ်းဆောင်နေသော်လည်း ၎င်း၏ ပြဿနာကိစ္စရပ်များကို ထင်လင်းစွာ ခွဲခြားသိမြင်နိုင်မှုရှိပါမည်လားဆိုသည့် အချက်ကိုစိုးရိမ်မိကြောင်းနှင့် သမ္မတအနေဖြင့် ဦးဏှောက်ထိခိုက်မှုရှိမရှိ ဆေးစစ်ဆေးမှုခံယူပါရန် တောင်းဆိုခဲ့ကြသည်။ ၎င်းတို့၏စာတွင် ဂျိုးဘစ်ဒင်၏သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း မမှားသင့်သောအမှားများဆောင်ရွက်မိခဲ့မှုနှင့် မှားယွင်းကြေညာမိမှုတို့အား စာရင်းဖော်ပြခဲ့ကြသည်။
ဤကဲ့သို့ အမေရိကန်ပြည်ထောင်စု၏ မဲဆန္ဒရှင်ပြည်သူများအကြား သမ္မတဂျိုးဘစ်ဒင်အနေဖြင့် နောက်ထပ်လေးနှစ်တာဝန်ယူရေးကို စိုးရိမ်သံသယရှိမှုများ တိုးပွားလာနေချိန်တွင် ဂျိုးဘစ်ဒင်က ၂၀၂၄ သမ္မတ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ပြောခဲ့ခြင်းကြောင့် ၎င်းအနေဖြင့် လက်ရှိကြုံတွေ့နေရသော သမ္မတတစ်ယောက်အနေဖြင့် အသက်ကြီးမြင့်နေမှုပြဿနာကို သမ္မတတစ်ဦးအတွက် အဓိက အချက်မဟုတ်ကြောင်း ရွေးကောက်ပွဲမဲဆွယ်မှုတွင် မဲဆန္ဒရှင်ပြည်သူများက လက်ခံလာအောင် မည်သို့ သိမ်းသွင်းမည်နည်းစောင့်ကြည့်ရပေမည်။
Ref——BBC