၂၆. ၄. ၂၀၂၃
Written by Nay Moe
အဆိုတော် ယုန်လေးအား လုပ်ကြံနိုင်ပါက ကျပ်သိန်း ၂၅၀၀ ဆုချမည်ဟု NUG နှင့် PDF များအတွက် ရန်ပုံငွေရှာဖွေပေးမှုဖြင့် ရပ်တည်နေသည့် The PDF Game က ဧပြီ ၁၅ ရက်တွင် လှုဆော်ပြီးနောက် ယုန်လေးအား ဓားကိုင်၍ လုပ်ကြံရန်မူရန် ပြင်ဆင်သူတစ်ဦးနှင့် ထိပ်တိုက်တိုးခဲ့ကြောင်း Yone Lay အသုံးပြုသည့် အကောင့်တွင် ယမန်နေ့ ဧပြီ ၂၅ ရက်က ရေးသားထားသည်။
“အစားစားဖို့ဆို ဘယ်လိုနေရာမှာမဆို စားတာ ဆင်ခြင်ရတော့မယ်။ ဓားနဲ့ လာရန်မူဖို့လာတဲ့လူကို ကျွန်တော်လည်း ဘာမှမဖြစ်ခဲ့သလို သူ့ကိုလည်း ဘာမှဖြစ်သွားအောင် မတုံ့ပြန်ဘဲ အဆင်ပြေစွာခွာခဲ့ကြပါသည်။ ဘယ်သူမေးမေး ဖြစ်သည့်နေရာ၊ ရပ်ကွက်၊ မြို့နယ် ကျွန်တော် ပြောမည်မဟုတ်ပါ။ မလိုလားအပ်သည့် စိတ်အနှောင့်အယှက်များ အဲဒီပတ်ဝန်းကျင်က လူအများခံစားရမှာ စိုးလို့ပါ။ ဘုရား တရား အမြဲရှိတာနဲ့ သူများရဲ့ဒုက္ခတွေ စိတ်သောကတွေကို ဖြေရှင်းပေးခဲ့တဲ့ ကုသိုလ်တွေ ကြောင့်လို့ ယုံကြည်ပါတယ်။ သီချင်းတစ်ပုဒ်ကစပြီး တံဆိပ်ကပ်ခံ ပစ်မှတ်ဖြစ်ခဲ့တဲ့ဘဝက အခုချိန်ထိကို အေးအေးချမ်းချမ်းကို မနေရသေးပါဘူး။ တော်တော် ဝဋ်ကြီးတယ်။ စိတ်အရမ်းပျက်မိတယ်” ဟု ယုန်လေးက ရေးသားထားသည်။
မဟာသင်္ကြန်အကြတ်နေ့ ညနေ ၄ နာရီကျော်က The PDF Game Page တွင် အဆိုတော်ယုန်လေး၊ သရုပ်ဆောင်ပိုင်တံခွန်အပါအဝင် အနုပညာရှင် ၃၂ ဦး ဖျော်ဖြေနေသည့် မဏ္ဍပ်များကို ရေးသားထားပြီး ထိုအထဲမှ ၂ ဦးက အဆိုတော်ယုန်လေး၏ သွားလာမှုလမ်းကြောင်းများကို သတင်းပေးမည်ဟု ကမ်းလှမ်းထားမှုရရှိထားသည်ဟုလည်း အဆိုပါ Page က ဖော်ပြခဲ့ပြီးနောက် ပို့စ်ပြန်ဖျက်သွားခဲ့သည်။ ထိုသတင်းဖြစ်စဥ်ကို MT News က အသေးစိတ်သတင်းဖော်ပြထားပြီးဖြစ်သည်။ လက်ရှိတွင် ယုန်လေးနှင့် ပတ်သက်၍ ထွက်ပေါ်နေသောဖြစ်စဥ်များနှင့်ပတ်သက်၍လည်း မိသားစုဆွေမျိုးများ၌ တပ်ထဲတွင်မိသားစုရှိဖို့ဝေး၍ မီးသတ်ထဲတွင်ပင် မရှိကြောင်းလည်း ယုန်လေးက ဖြေရှင်းထားသည်။
“တပ်မတော်မပြောနဲ့။ အရန်မီးသတ်မှာ အရစ်နဲ့တောင် အမျိူးထဲမှာ မရှိတဲ့ သာမာန်မိသားစုတွေထဲက ပေါက်ဖွားလာတဲ့ မိဘမဲ့ တစ်ယောက်ပါ။ လူပေါင်းများစွာက လူတစ်ယောက်ကို အုပ်စုလိုက်ကြီး ဝိုင်းအုံအနိုင်ကျင့်မှုခံနေရတဲ့ လူက အမှန်တရား ရှင်းပြဖို့ အင်အားမရှိတော့ဘူး။ ဘာမှကို မရှင်းချင်တော့ဘဲ ဘယ်သူ့နဲ့မှ မတွေ့ချင်။ ဘာဖြစ်ဖြစ် ကိုယ်ပဲမှားတယ် ထင်မြင်ပြီး ဘယ်အရာကိုမဆို ယုံကြည်မှုတွေပျောက်ဆုံးတတ်ကြပါတယ်။ အဲဒီထဲမှ ာကျွန်တော်လည်း ပါပါတယ်”ဟု အဆိုတော်ယုန်လေးက ရေးသားထားသည်။
The PDF Game က အဆိုတော်ယုန်လေးအား ဆုငွေထုတ်ရာတွင် လုပ်ကြံရှင်းလင်းလိုက်သည်ကို Email မှ ဗီဒီယိုဖိုင်သက်သေပို့ရမည်ဖြစ်ပြီး ထိုသို့ The PDF Game က ယုန်လေးအား လုပ်ကြံရန်ရေးသားထားသည့် ပို့စ်ကို ဒါရိုက်တာသည်ခေတ်နေ အပါအဝင် User ၁၉၀၀ ကျော်က မျှဝေထားပြီး အချိန် ၃ နာရီကျော်အတွင်း Like & React ပေးသူ ၁၂၀၀၀ ကျော်ရှိကာ ထောက်ခံအားပေးသည့် Comments ပေးသူ ၆၀၀ ကျော်ရှိနေပြီး ကလိုစေးထူးဟု လူသိများသူ Thu Rein Win အကောင့်ပိုင်ရှင်ကလည်း “ယုန်သားတကယ်စားရရင် ကျွန်တော်လည်း ၁၀ သိန်း ထည့်မယ်ဗျာ” ဟု မှတ်ချက်ပြုခဲ့သည်ကိုလည်း ပို့စ်မဖျက်မီက တွေ့ရှိရသည်။