MT News
Written by Naing Thuta
ချမ်းအေးသာစံမြို့နယ်ရှိ အမြှောက်တန်းဗလီပိုင် နေအိမ်တိုက်ခန်းတွင် ခြင်ဆေးခွေထွန်းထားရာမှ အနီး၌ရှိသော စောင်ကိုကူးစက်ကာ မီးလောင်ကျွမ်းမှု ဧပြီလ ၂၅ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြာင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကိုထံမှ သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၂၅ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအရှေ့ရပ်ကွက်၊ အမြှောက်တန်းဗလီပိုင် နေအိမ်တိုက်ခန်း (၄၈×၃၅)ပေ နံကပ်နှစ်ထပ်၏ မြေညီထပ်တွင် ၁၀×၃၅ ပေ အခန်းများဖွဲ့၍ ငှားရမ်းထားသောအခန်းအမှတ် ၂ ၌ အခန်းငှားနေထိုင်သည့် အသက် ၆၅ နှစ်အရွယ်အမျိုးသား၏ နေအိမ်အိပ်ခန်းအတွင်း အိပ်ယာအနီးတွင် ခြင်ဆေးခွေထွန်းထားရာမှ အနီးရှိစောင်ကို တစ်ဆင့်ကူးစက်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ကျွမ်းရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၅ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ သန္ဓေ ၃၀၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၇၀၊ စုစုပေါင်း ၁၀၀ ဦးတို့မှ Level-1 ယာဉ်အုပ်စုတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြရာ ၁ နာရီ ၄၃ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁ နာရီ ၅၀ မိနစ်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်းနှင့် ၎င်းမီးလောင်မှုကြောင့် ၁၀×၃၅ ပေ နေအိမ်ခန်းနှင့် အပေါ်ထပ်အခန်းမျက်နှာကျက်၊ အတွင်းပစ္စည်းအနည်းငယ် မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ သုံးဆယ့် တစ်သိန်း ငါးသောင်းကျပ်ခန့်(ကျပ် ၃,၁၅၀,၀၀ဝိ/-) မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ယင်းမီးလောင်မှုကြောင့် မီးပေါ့ဆစွာသုံးစွဲသော အခန်းငှားနေ ထိုင်သူအမျိုးသားအား ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၈) မြို့မရဲစခန်းမှ (ပ-၈၂/ ၂၀၂၃) ပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်ထားကြောင်းလည်း သိရသည်။