MT News
Written by Min Mahar
ကျေးရွာအုပ်ချုပ်ရေးမှုးဟောင်းတစ်ဦးအား PDF အဖွဲ့ဝင် ၆ ဦးက သေနတ်ဖြင့် ၁၄ ချက် ပစ်သတ်သွားမှု မတ္တရာမြို့နယ်တွင် ဧပြီ ၂၅ ရက်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၅ ရက် မနက် ၉ နာရီကျော်က မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာအုပ်စု၊ စကျင်ကျေးရွာတွင်နေထိုင်သာ အသက် ၄၅ နှစ်အရွယ်ခန့်ရှိသည့် ကောင်းထက်လက်ဖက်ရည်ဆိုင်နှင့်ကျောက်ဆစ်လုပ်ငန်းလုပ်ကိုင်သူ(ကျေးရွာအုပ်ချုပ်ရေးမှုးဟောင်း) အမျိုးသားသည် ၎င်းပိုင် လက်ဖက်ရည်ဆိုင်တွင်ရှိနေစဉ် ဆိုင်ကယ် ၃ စီးဖြင့် PDF အဖွဲ့ဝင် ၆ ဦးက ရောက်လာပြီး သေနတ်အရှည်ဖြင့် ၁၄ ချက်ခန့် ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
“လက်ဖက်ရည်ဆိုင်ကောင်တာမှာထိုင်နေတုန်း ဆိုင်ကယ်သုံးစီးနဲ့ မျက်နှာကိုယ်စီ Mask တပ်ထားတဲ့လူငယ် ၆ ဦးရောက်လာပြီး သေနတ်အရှည်တွေနဲ့ ၁၄ ချက်လောက် ပစ်သွားတာလို့ကြားတယ်။ အသတ်ခံရတဲ့သူက အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်ခဲ့ပြီး အခုလည်း အာဏာပိုင်တွေနဲ့ ခင်မင် နေတော့ တပ်သတင်းပေး ဒလန်ဆိုပြီး သတ်ချင်သလိုသတ်သွားကြတာပါ”ဟု တစ်ရွာထဲနေသူက ဆိုသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူးဟောင်းဆိုသူသည် ဦးခေါင်းသေနတ်ထိမှန်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင်ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ အခင်းဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ပိတ်ဆို့စစ်ဆေးကာ စုံစမ်းမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။