MT News
Written by Naing Thuta
မီးအားမြှင့်စက်အပူလွန်ကဲရာက မီးလောင်ကျွမ်းမှု မန္တလေးမြို့တွင် ယမန်နေ့ ညနေပိုင်းက ထပ်မံဖြစ်ပွားခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၏ ပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊အမရဌာနီ အနောက်ရပ်ကွက်၊ အကွက် (၄၂)၊ ၁၀ လမ်းနှင့် ၁၁ လမ်းကြား၊ ၇၉ လမ်းပေါ်တွင် ဧပြီလ ၂၅ ရက်နေ့ ယနေ့ညနေ ၄ နာရီ ၃၅ မိနစ်ခန့်က အသက် ၃၈ နှစ်အရွယ်အမျိုးသားပိုင်ဆိုင်သောနေအိမ်မှ မီးအားမြှင့်စက် အပူလွန်ကဲရာမှတစ်ဆင့် အနီးရှိထရံကာသို့ မီးကူးစက်ကာ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းမီးလောင်ကျွမ်းရာနေရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးဝင်း၊ ခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကို၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင်တို့နှင့်အတူ မီးသတ်ယာဉ် ၃၅ စီး၊ ရေသယ်ယာဉ် ၁၅ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၇ဝ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၃၀ တို့မှ Level-2 ယာဉ်အုပ်စုတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြရာ ၅ နာရီ ၂ မိနစ်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် ၁၅×၂၄ ပေ ထရံကာသွပ်မိုးပျဉ်ခင်း နေအိမ် ၁ လုံး၊ ၁၅×၂၀ ပေ သွပ်မိုးထရံကာ ၂ ထပ် နေအိမ် ၁ လုံး ၊ ၁၂×၂၄ ပေ နံကပ် ၂ ထပ်နေအိမ်ရှိ ၈×၁၂ ပေ အနောက်ခန်း ၁ ခန်း၊ ၁၅×၂၅ ပေ နံကပ် ၂ ထပ် အပေါ်ထပ်နှင့် ၄၀x၁၅ ပေ RC ၄ ထပ် ပထမထပ်ရှိ အခန်းတွင်းပစ္စည်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
မီးလောင်သည့်အထိ မီးပေါ့ဆစွာသုံးစွဲခဲ့သူ ဦး………..အား အမှတ် (၄) နယ်မြေရဲစခန်းမှ ( ပ- ၇၁ /၂၀၂၃)၊ပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။