MT News
Written by Min Mahar
မတ္တရာမြို့နယ် မန္တလေး-မိုးကုတ်သွားကားလမ်း မိုင်တိုင် ၂၈ တွင် ဖွင့်လှစ်ထားရှိသည့် သန္တိသစ္စာ လမ်းအသုံးပြုခကောက် ခံရေးတိုးရ်ဂိတ်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ဝန်ထမ်းအမျိုးသမီး ၁ ဦး ဒဏ်ရာရမှု ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၂၅ ရက် ညနေ ၅ နာရီ ၄၀ ခန့်က မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ရေနံသာကျေးရွာအုပ်စု၊ ရေနံ့သာကျေးရွာအနီး မန္တလေး-မိုးကုတ်သွား ကားလမ်း မိုင်တိုင် ၂၈ တွင် ဖွင့်လှစ်ထားရှိသည့် သန္တိသစ္စာ လမ်းအသုံးပြုခကောက်ခံရေးတိုးရ်ဂိတ်အနီးရှိ ကတ္တားပေါ်တွင် လက်လုပ်ရီမုမိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တိုးရ်ဂိတ်ငွေကောက်ခံရာရုံးခန်းအတွင်းရှိ ဝန်ထမ်းအမျိုးသမီးတစ်ဦးသည် ယာဘက်မျက်လုံး၊ ဝဲဘက်ရင်အုံနှင့် ဝဲဘက်နားထင်(မစိုးရိမ်ရ)တို့တွင် မိုင်းစများထိမှန်သောဒဏ်ရာများရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မတ္တရာမြို့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါမိုင်းပေါက်ကွဲမှုကြောင့် ငွေကောက်ခံသည့် တိုးရ်ဂိတ်ရုံးခန်းမှန်များ ကွဲကြေပျက်ဆီးကာ ကတ္တားအားကာရံထားသော အုတ်ပလက်ဖောင်းအလယ် ကွဲကြေပျက်ဆီးခဲ့ကြောင်း သိရသည်။ ယင်းအခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး လိုက်လံစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။