MT News
Written By Thandar
မြန်မာနိုင်ငံအပါအဝင် ဂျပန်နိုင်ငံနဲ့ အခြားနိုင်ငံအသီးသီးကို ဖြန့်ချိမယ့် တေးသံရှင်သူဇာအောင်ရဲ့ “ကျွန်မရုပ်ရည်” မြန်မာမှုသီချင်းသစ် တေးစီးရီး နှစ်ခွေတွဲ မိတ်ဆက်ပွဲကို ဧပြီ ၂၄ ရက် မွန်းလွဲပိုင်းက Central Hotel မှာ ကျင်းပခဲ့ပါတယ်။
ဒီတေးစီးရီးခွေကို ၀န်ဇင်း၊ ပုဂံဈေးကတဆင့် ဒီလက စတင် ဖြန့်ချိနေပြီး ပြည်ပနိုင်ငံကို The Rollers (Japan) ကတစ်ဆင့် ဇွန်လတွင်း ဖြန့်ချိမှာဖြစ်ပါတယ်။
“ဆရာက ကိုဗစ်ကာလမှာ သူရေးထားတဲ့ သီချင်းလေးတွေကို အမနဲ့ သီဆိုစေချင်တယ်ဆိုလို့ ဒီသီချင်းခွေလေး ဖြစ်လာတာပါ။ ဒီထဲမှာ ပါ၀င်တဲ့ တေးသီချင်းတွေကလည်း မြန်မာပြည်ဦးကျောက်စိမ်းရဲ့ မြန်မာ့ဆိုင်းဝိုင်းကြီးနဲ့ ရှေးခေတ်က အမေကြီး လေဘာတီ မမြင်ရင်တို့ ခေတ်ကလိုမျိုး သီချင်းတွေပါတယ်။ မြိုင်က နှစ်ပါးသွားလို ပုံစံတွေလည်း ပါသလို Orchestra နဲ့ တွဲဖက်ပြီး ဒီဘက်ခေတ်ပုံစံ တေးသီချင်းလေးတွေလည်း ပါတယ်။ ဒီစီးရီးခွေကို Music City ကလည်း မြန်မာအပါအ၀င် နိုင်ငံတကာမှာလည်း ဖြန့်ချိမှာပါ။ မြန်မာတေးသံရှင်တွေထဲမှာ ကမ္ဘာကိုဖြန့်တာက မရှိသလောက်ဘဲဆိုတော့ အစ်မအနေနဲ့ အများကြီး ဂုဏ်ယူမိတယ် ” လို့ တေးသံရှင် သူဇာအောင်က ပြောပါတယ်။
ဂီတမြို့ တည်ထောင်သူ ဂီတပညာရှင် အကယ်ဒမီ ဓိရာမိုရ် ရေးစပ်ထားတဲ့ မြန်မာမှု သီချင်းသစ်တွေကို ပထမဆုံး ပရောဂျက်အနေနဲ့ လူငယ် တေးသံရှင် သူဇာအောင်ရဲ့ ကျွန်မရုပ်ရည် တေးသီချင်းခွေကို ၂၀၂၁ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ် ။
တေးရေး ဓိရာမိုရ် ရေးစပ်ထားတဲ့ ရှားပါးထူးခြားတဲ့ မြန်မာမှု တေးသီချင်း ၁၈ ပုဒ်ပါ၀င်တဲ့ ဒီစီးရီးကို တေးသံရှင် သူဇာအောင်နဲ့အတူ စုံတွဲတေးသံရှင်တွေဖြစ်တဲ့ ဦးပုလဲစိန် (ယဉ်ကျေးမှု) ၊ ကိုဉာဏ်၀င်း(ယဉ်ကျေးမှု)၊ ဖိုးသောကြာ၊ ကျော်ကျော်ဟန်၊ ရဲထိုက်၊ မြတ်သူစိုးတို့က တွဲဖက်သီဆိုထားပါတယ်။ ဒါ့အပြင် ဆိုင်း၊ မြန်မာပြည်ကျောက်စိမ်း၊ စန္ဒရား ဇေယျာမင်း ၊ Orchestra နဲ့ Studio ဂီတကဗျာ၊ Mixing & Mastery ကိုအေးစိုး၊ စံနောင်ဒွေးတို့က ပါ၀င်အားဖြည့်ထားကြပါတယ်။