၂၅. ၄. ၂၀၂၃
Translated by Htwe Ko Tun
The Elders အဖွဲ့၏ဒုတိယဥက္ကဋ္ဌနှင့် ကုလသမဂ္ဂအဖွဲ့အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း၏ ဧပြီလ ၂၃ ရက်မှ ၂၄ ရက်အထိ မြန်မာနိုင်ငံခရီးစဥ်အတွင်း ၎င်းကမြန်မာ့တပ်မတော်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများချက်ချင်းရပ်ဆိုင်းရေးနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ အများသဘောတူဆန္ဒငါးချက်တို့ကို အကောင်အထည်ဖော်ရေးအတွက် တောင်းဆိုခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ဘန်ကီမွန်းက မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများရပ်ဆိုင်းရန်အပြင် ငြိမ်းချမ်းသော၊ ဒီမိုကရေစီဆန်သော၊ အများပါဝင်သော၊ ဥပဒေနှင့်အညီဖြစ်သောအစိုးရ တစ်ရပ်ပေါ်ထွန်းလာရေးအတွက်လည်း လမ်းကြောင်းရှာဖွေကြိုးပမ်းနေကြောင်းပြောကြားခဲ့သည်။
၎င်းက မြန်မာ့တပ်မတော်ခေါင်းဆောင်များနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့ကိုတွေ့ဆုံ၍ လက်ရှိမြန်မာနိုင်ငံအခြေအနေများနှင့်ပတ်သက်ပြီး ဆွေးနွေးမှုပြုခဲ့သည်။ ထို့ပြင် တည်တံခိုင်မြဲသော ဖြေရှင်းချက်တစ်ခုရရန်အတွက် မြန်မာနိုင်ငံ၏ နစက အစိုးရက အကြမ်းဖက်အဖွဲံအစည်းအဖြစ်သတ်မှတ်ထားသောNUG အပါအဝင် ပါတီအဖွဲ့အစည်းအားလုံးက ပါဝင် ဆောင်ရွက်မှု၏ အရေးကြီးမှုကို အလေးထားခဲ့သည်ဟုလည်းဆိုသည်။
ဘန်ကီမွန်းက “ကျွန်တော်အခု မြန်မာနိုင်ငံကို လာရောက်မှုက အကြမ်းဖက်မှုများချက်ချင်းရပ်ဆိုင်းဖို့နဲ့ ပဋိပက္ခနဲ့သက်ဆိုင်တဲ့အဖွဲ့တွေအားလုံးနဲ့ အပြုသဘောဆောင်တဲ့ဆွေးနွေးပွဲပြုလုပ်သွားဖို့ တပ်မတော်ခေါင်းဆောင်တွေကို တိုက်တွန်းသွားဖို့ပါပဲ’ ဟုပြောခဲ့သည်။
ဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဥ်က မြန်မာ့တပ်မတော် ခေါင်းဆောင်များ၏ဖိတ်ကြားမှုအရဖြစ်ကြောင်းလည်း.သိရသည်။ နေပြည်တော်ခရီးစဥ်အတွင်း အစည်းအဝေးများတွင် ၎င်းက အာဆီယံ၏ အများသဘောတူဆန္ဒငါးချက်ကို သဘောတူအကောင်အထည်ဖော်ရေးတွင် တိုးတက်မှုများရရှိရေးနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပြီးခဲ့သောဒီဇင်ဘာလက ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကိုပါလိုက်နာဆောင်ရွက်ရေးအလေးထားပြောခဲ့သည်ဟုဆိုသည်။
ထို့ပြင် နိုင်ငံတကာမှ တောင်းဆိုချက်များဖြစ်သော အပြုသဘော ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် မြန်မာအစိုးရကဖမ်းဆီးထားသူများအားလုံးကိုပြန်လွှတ်ပေးရေးကိုလည်း ၎င်းက ထောက်ခံပြောကြားခဲ့သည်။
မကြာမီက စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမြန်မာ့တပ်မတော်၏လေကြောင်းတိုက်ခိုက်မှုတစ်ရပ်၌ အမျိုးသမီး နှင့်ကလေးများအပါအဝင် လူ ၁၆၀ သေဆုံးခဲ့ရမှုအပေါ် နိုင်ငံတကာက ပြင်းထန်စွာရှုတ်ချကြောင်းလည်း ဘန်ကီမွန်းက ထပ်မံပြောကြားခဲ့သည်။
၎င်းကရွေးကောက်ပွဲများကို လွတ်လပ်၍မျှတသောအခြေအနေရှိသည့် ဒေသများ၌သာ ကျင်းပနိုင်မည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက ရွေးကောက်ပွဲများကျင်းပခြင်းက အန္တရာယ်ရှိသည့်အပြင် အကြမ်းဖက်မှုများနှင့်ကွဲပြားမှုများကိုပါ ဆက်လက်ဖြစ်ပေါ်စေကာ ရလဒ်အပေါ် မြန်မာ ပြည်သူများ၊ အရှေ့တောင်အာရှနိုင်ငံများအသင်းနှင့်နိုင်ငံ တကာအသိုင်းအဝိုင်းကပါ အသိအမှတ်ပြုမည်မဟုတ်ဟု ပြောခဲ့သေးသည်။
ဒီမိုကရေစီဆန်သည့် အရပ်သားအုပ်ချုပ်မှုစနစ်သို့ ကူးပြောင်းရေးက မြန်မာနိုင်ငံတွင် The Elders အဖွဲ့၏ အဓိက ရည်မှန်းချက်လည်းဖြစ်သည်။ ဘန်ကီမွန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ်တာဝန်ထမ်းဆောင်စဥ် မြန်မာနိုင်ငံ တိုးတက်ရေးအလေးထားဆောင်ရွက်ခဲ့သူအဖြစ် ပုဂ္ဂိုလ်ရေးသမိုင်းကြောင်းရှိခဲ့သည်။
ဘန်ကီမွန်းက ” အာဆီယံနဲ့နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီပေါ်ပေါက်ရေး ကြိုးပမ်းရာမှာ တညီတညွတ်တည်းရှိတယ်ဆိုတာ ပိုမိုပြသကြဖို့လိုတယ်။ မြန်မာနိုင်ငံအရေးဟာ အရေးကြီးတဲ့ နိုင်ငံတကာအရင်းအမြစ်ဖြစ်ရပ်တစ်ခုလည်းဖြစ်တယ်။ စိတ်ရှည်စွာနဲ့ ဆုံးဖြတ်ချက်ချနိုင်ရေးကြိုးပမ်းမှုနဲ့အတူ ကျွနိတော်တို့ ဒီအကျပ်အတည်းအခြေအနေကို လွန်မြောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီအတွက် တပ်မတော်ခေါင်းဆောင်တွေက ဦးစွာဆောင်ရွက်ပြဖို့လိုလိမ့်မယ်’ ဟုပြောခဲ့သည်။
Ref—The Elders