၂၅. ၄. ၂၀၂၃
Written by Pan Ei
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ အကြမ်းဖက်မှုနှိမ်နင်းသူများ၏ လက်နက်ခဲယမ်းသိုလှောင်ရုံတစ်ခုတွင် တနင်္လာနေ့ ဧပြီလ ၂၄ ရက်က ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၃ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
“ပေါက်ကွဲမှုဟာ လျှပ်စစ်ဝါယာရှော့ခ်ကြောင့် ဖြစ်နိုင်ပြီး ပြင်ပက တိုက်ခိုက်တဲ့ အထောက်အထားတွေကို အခုအထိ မတွေ့ရသေးပါဘူး” ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီး ပေါက်ကွဲမှု၏ အခြားကဏ္ဍများကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။
အကြမ်းဖက်မှု နှိမ်နင်းရေးဌာန အကြီးအကဲ Sohail Khalid ကလည်း အဆိုပါပေါက်ကွဲမှုသည် အသေခံဗုံးခွဲမှု သို့မဟုတ် အခြားသော အကြမ်းဖက်လုပ်ရပ်များ မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ရသူအများစုမှာ ရဲတပ်ဖွဲ့မှ အကြမ်းဖက်နှိမ်နင်းရေးအရာရှိများဖြစ်ကြောင်း သိရပြီး အဆောက်အအုံအတွင်းရှိနေသော အမျိုးသမီးတစ်ဦးနှင့် သူမ၏ကလေးငယ်တစ်ဦးလည်း သေဆုံးခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများသည် လက်ရှိတွင် ဆေးရုံ၌ ဆေးကုသမှု ခံယူနေပြီး အချို့မှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ဆေးရုံအုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့သည်။
Ref; Reuters