၂၅. ၄. ၂၀၂၃
Written by Nyein Kyaw
ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ (၄၅ပေ × ၁၅ပေ) ကြော်ငြာဘုတ်ကြီးများတွင် ကြော်ငြာတပ်ဆင်လိုပါက ဆက်သွယ်နိုင်ပြီး အမျိုးအစားအပေါ်မူတည်၍ တစ်နှစ်ငှားရမ်းခ အများဆုံးကျပ်သိန်း ၂၅၀ အထိ ပေးသွင်းရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စိုက်ထူထားသည့် ကော်မတီပိုင် (၄၅ပေ × ၁၅ပေ) ကြော်ငြာဘုတ် ၁၃၂ တိုင်ရှိပြီး ကြော်ငြာဘုတ်များကို Group A၊ Group B၊ Group C၊ Group D၊ Group E စသည်ဖြင့် အုပ်စုငါးခုခွဲခြားထားကြောင်း၊ Group အမျိုးအစားအားလုံး၌ အနည်းဆုံး သက်တမ်းသုံးလအတွက် ငှားရမ်းနိုင်ကြောင်း သိရသည်။
“Group အမျိုးအစားခွဲထားတာ A B C D E ဆိုပြီးတော့ ခွဲထားတယ်။ Group A ဆိုရင် သိန်း ၂၅၀ တစ်နှစ်စာပါ။ အနည်းဆုံး သုံးလကနေ ဆက်သွယ်လျှောက်ထားနိုင်တယ်။ သုံးလစာငှားချင်သူကတော့ သိန်း ၂၅၀ ကို ၁၂ နဲ့စားပြီး ၃ နဲ့မြှောက်ပြီး ငွေသွင်းရုံပဲ။ Group B ဆိုရင် သိန်း ၁၈၀၊ Group C ဆိုရင် ၁၃၅ သိန်း Group A အောက်မှာဆို တစ်တိုင်ပဲ ကျန်တော့တယ်” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူက ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင် (၄၅ပေ × ၁၅ပေ) ကြော်ငြာဘုတ်ကြီးများတွင် ကြော်ငြာတပ်ဆင်လိုပါက ရန်ကုန်မြို့တော် စည်ပင်သာရေးကော်မတီ စီမံရေးရာဌာန စီမံလုပ်ငန်းဌာနခွဲ (လုပ်ငန်းရေးရာ)သို့ ဆက်သွယ်လျှောက်ထားရမည်ဖြစ်သည်။
ငှားရမ်းလိုသည့်ကုမ္ပဏီများအနေဖြင့် ကုမ္ပဏီမှတ်ပုံတင်၊ မှတ်ပုံတင်စာရင်းတွင်ပါဝင်သည့် ဒါရိုက်တာအဖွဲ့ဝင်နှင့် လုပ်ငန်းလိုင်စင်ဖြစ်ပါက လိုင်စင်တွင်ပါဝင်သူများ ကိုယ်တိုင်လျှောက်ထားရမည်ဖြစ်ပြီး ကြော်ငြာဘုတ်များ ဒီဇိုင်းရေးဆွဲခြင်းများ၊ တပ်ဆင်ခြင်းနှင့် ပြန်လည်ဖြုတ်သိမ်းခြင်းတို့ကို လျှောက်ထားသူက မိမိကိုယ်တိုင်အစအဆုံး ဆောင်ရွက်ရမည်ဖြစ်သည်။
လက်ရှိကြော်ငြာဘုတ်ငှားရမ်းခြင်းက တင်ဒါချပေးပြီး ကျန်ရှိသည့်ကြော်ငြာဘုတ်တိုင်များကို ငှားရမ်းရန် ကြေညာခြင်းဖြစ်ပြီး ကြော်ငြာဘုတ်များငှားရမ်းမှု သက်တမ်းတမ်းတစ်နှစ်ပြည့်ပြီးပါက နောက်တစ်နှစ်အတွက် တင်ဒါလေလံလုပ်ငန်းစဥ်သို့ ပြန်လည်ထည့်သွင်းသွားမည်ဖြစ်သည်။