၂၅. ၄. ၂၀၂၃
Written by Pan Ei
အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်း အနောက်ပိုင်းတွင် ပြင်းအား ၇ ဒသမ ၃ အဆင့်ရှိသော ငလျင်နှင့် နောက်ဆက်တွဲငလျင်များ ယနေ့ ဧပြီလ ၂၅ ရက် မနက်က လှုပ်ခတ်ခဲ့ကြောင်း အင်ဒိုနီးရှား ဘူမိရူပဗေဒ အေဂျင်စီ (BMKG) က ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့သည်။
အဆိုပါငလျင်သည် မြေအောက်အနက် ၈၄ ကီလိုမီတာ (၅၂ ဒသမ ၂ မိုင်) ခန့်တွင် ယနေ့ နံနက် ၃ နာရီခန့်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုများနှင့် လူအသေအပျောက် မရှိခဲ့ကြောင်း သိရသည်။
ဆူမားတြားကျွန်း အနောက်ဘက်ကမ်းရိုးတန်းရှိ ပဒါန်းမြို့တွင် နေထိုင်သူများသည် ဆူနာမီသတိပေးချက် ဥသြသံများနှင့် မြင့်မားသောနေရာများသို့ ရွှေ့ပြောင်းခိုင်းသည့် သတိပေးချက်များကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ရပြီး လူအချို့သည် ကမ်းခြေများနှင့်ဝေးရာသို့ ပြောင်းရွှေ့သွားခဲ့ကြောင်း ပဒါန်းတွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
ငလျင်ဗဟိုချက်နှင့် အနီးဆုံးဖြစ်သော မန်တဝီကျွန်း၏ အချို့နေရာများတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့ကြောင်း အင်ဒိုနီးရှား ဘူမိရူပဗေဒ အေဂျင်စီက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် ပစိဖိတ်မီးကွင်းဟုခေါ်သော မြေငလျင်လှုပ်ခတ်သည့်ဇုန်တွင် တည်ရှိနေသောကြောင့် ငလျင်များ မကြာခဏလှုပ်ခတ်လေ့ရှိပြီး ပဒါန်းမြို့နှင့် အနောက်ဆူမားတြားပြည်နယ်တွင် ၂၀၀၉ ခုနှစ်က ပြင်းအား ၇ ဒသမ ၆ အဆင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၁,၁၀၀ ကျော် သေဆုံးကာ လူအများအပြား ဒဏ်ရာရရှိခဲ့သလို ပျက်စီးမှုများစွာဖြစ်ပေါ်ခဲ့သည်။
Ref; Reuters