◾️ယခုနှစ် လေးလအတွင်း မြန်မာ့တောမီးလောင်ကျွမ်းမှု Hotspots ၂၇၅၀၀၀ အထိ တွေ့ရှိခဲ့
၂၅. ၄. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်းနိုင်ငံများအနက် တောမီးလောင်ကျွမ်းမှုအများဆုံးဖြစ်ခဲ့ကြောင်း ထိုင်းအခြေစိုက် ပထဝီသတင်းအချက်အလက်များနှင့် အာကာသနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ(Gistda)က သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါအဖွဲ့သည်၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ရရှိသောအချက်အလက်များကို အခြေခံပြီး ဒေသတွင်းနိုင်ငံများအနက် ၄ လအတွင်း တောမီးလောင်ကျွမ်းမှုအများဆုံး နိုင်ငံများကို အဆင့်သတ်မှတ်ဖော်ပြခဲ့ရာ မြန်မာနိုင်ငံက ထိပ်ဆုံးတွင်ရပ်တည်နေခဲ့ကြောင်း သိရသည်။
Gistda သည် ဒေသတွင်းနိုင်ငံများ၏ တောမီးလောင်ကျွမ်းမှုအခြေနေများကို Suomi NPP ဂြိုလ်တုဖြင့် လေ့လာစောင့်ကြည့်ပြီး တောမီးလောင်ကျွမ်းမှု Hotspots အမြင့်ဆုံးအရေအတွက်ကို ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ဇန်နဝါရီလမှ ဧပြီလအထိ တောမီးလောင်ကျွမ်းမှု Hotspots ၂၇၅၀၀၀ ရှိခဲ့ပြီး ဒေသတွင်းနိုင်ငံများထဲတွင် အမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် လာအိုနိုင်ငံက ဇန်နဝါရီလမှ ဧပြီလအထိ တောမီးလောင်ကျွမ်းမှု Hotspots ၂၂၀၀၀၀ ရှိခဲ့ပြီး ထိုင်းနိုင်ငံက ဇန်နဝါရီလမှ ဧပြီလအထိ တောမီးလောင်ကျွမ်းမှု Hotspots ၁၅၄၀၀၀ ရှိခဲ့ကြောင်း သိရသည်။ ကမ္ဘောဒီးယားနိုင်ငံက ဇန်နဝါရီလမှ ဧပြီလအထိ တောမီးလောင်ကျွမ်းမှု Hotspots ၁၀၀၇၀၀ ရှိခဲ့ကြောင်း Gistda အဖွဲ့၏ ထုတ်ပြန်ချက်များအရသိရသည်။
မြန်မာနိုင်ငံ နယ်စပ်မြို့များတွင် တောမီးလောင်ကျွမ်းမှု အများဆုံးဖြစ်ခဲ့ပြီး တောမီးလောင်ကျွမ်းမှုမှ ဖြစ်ပေါ်လာသော မီးခိုးများကြောင့် လေထုညစ်ညမ်းမှုများရှိခဲ့ကြောင်း Gistda ကဆိုသည်။ တောမီးလောင်ကျွမ်းမှုများကို တိုက်ဖျက်နိုင်ရန်အတွက် နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၊ လာအိုဝန်ကြီးချုပ်တို့သည် မကြာသေးမီက အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။ သစ်တောနှင့် စိုက်ပျိုးရေးမြေများတွင်အပူချိန်မြင့်မားခြင်းကြောင့် အလိုလျောက်လောင်ကျွမ်းခြင်း၊ လူရှို့သော မီးတို့ကြောင့် တောမီးလောင်ကျွမ်းမှုများ မကြာခဏဖြစ်လေ့ရှိနေကြောင်း Gistda က သုံးသပ်ထားသည်။
Ref—Gistda