MT News
Written by Nay Aung
ဂျာမနီနိုင်ငံအနေဖြင့် မြန်မာပြည်သူများအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ထောက်ပံ့ပေးခြင်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဂျာမနီအစိုးရက ထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံး တာဝန်ခံအကြီးအကဲ York Schuegraf သည် ပြီးခဲ့သောရက်ပိုင်းက မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ ဒုတိယအကြီးအကဲဖြစ်သူ Ms Danielle Parry နှင် တွေ့ဆုံဆွေးနွေးချိန်အတွင်း ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဂျာမနီသံရုံးအကြီးအကဲနှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး၏ ဒုတိယအကြီးအကဲဖြစ်သူတို့သည် မြန်မာနိုင်ငံတဝှမ်း လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များ သိသိသာသာ မြင့်မားလာကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်များ လုပ်ဆောင်ရာတွင် ဆက်လက်ကြုံတွေ့နေရသည့်အခက်အခဲများအကြောင်းကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဂျာမနီနိုင်ငံအနေဖြင့်OCHA မှ တာဝန်ယူဆောင်ရွက်နေသည့် မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေ (MHF)တွင် ရန်ပုံငွေအများဆုံးထည့်ဝင်သည့် နိုင်ငံအဖြစ် ရပ်တည်နေသောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ယူရို ၁၂ သန်းကို ထည့်ဝင်ပံ့ပိုးပေးခဲ့ကြောင်းသိရသည်။ ထို့အပြင် ယခုနှစ်တွင်လည်း မြန်မာပြည်သူများအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူညီများ ဆက်လက်ကူညီထောက်ပံ့ပေးသွားရန်စီစဉ်နေကြောင်းသိရသည်။
မြန်မာနိုင်ငံတွင်အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နေရပ်စွန့်ခွာထွက်ပြေးသူအရေအတွက်သည်အနည်းဆုံး ၁ ဒသမ ၇ သန်းကျော်ရှိလာခဲ့ပြီး လူသားချင်းဆိုင်ရာစာနာမှုအကူညီများလိုအပ်လျက်ရှိနေကြောင်း ကုလသမဂ္ဂကဆိုသည်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ်၏ သက်ရောက်မှုများကို တွေ့ကြုံရသူများကိုလူသားချင်းဆိုင်ရာစာနာမှုအကူညီပေးနိုင်ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေ (MHF)ကို တည်ထောင်ထားကြောင်းသိရသည်။
MHF သည် ၂၀၀၇ ခုနှစ်နောက်ပိုင်းကတည်းကစတင်ပြီး အလှူရှင်နိုင်ငံများထံမှ ငွေကြေးများကောက်ခံပြီး မြန်မာနိုင်ငံရှိ စီမံကိန်း ၂၀၅ ခုမှတစ်ဆင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် အမေရိကန်ဒေါ်လာ သန်း ၈၀ ကျော် ကူညီပံ့ပိုးပေးခဲ့ကြောင်းသိရသည်။
Ref— germany embassy