နောက်ဆုံးသတင်းများအရ သုံးဦးပွဲချင်းပြီးဆုံးပါးပြီး နှစ်ဦးမှာ စိုးရိမ်ရဒဏ်ရာများဖြင့် ကုသမှုခံယူနေရ
၂၃. ၄. ၂၀၂၃
တပ်မတော်အရာရှိအချို့နှင့် လုပ်ငန်းရှင်နှစ်ဦး အပါအဝင် စုစုပေါင်းငါးဦးမှာ ဖားကန့်ရှိ Happy KTV တွင် ဧပြီလ ၂၂ ရက်ညက ပစ်သတ်ခံခဲ့ရပြီး ငါးဦးစလုံးပွဲချင်းပြီး ဆုံးပါးခဲ့သည်ဟု ကနဦး သတင်းထွက်ပေါ်မှုများအရ သိရှိရသည်။
“တပ်မ ၃၃ လက်အောက်ခံ တပ်ရင်း ၁၃ က 2IC DSA ၄၇ က ဗိုလ်မှူးဇော်မောင် အပါအဝင် လုပ်ငန်းရှင် ၂ ဦး စုံစမ်းဆဲ၂ ဦး စုစုပေါင်း ၅ ဦး ဖားကန့်မြို့နယ် မရှိကထောင်ရှိ Happy KTV တွင် ပစ်သတ်ခံရ” ဟုလည်း ဖားကန့်မြို့နယ်ဘက်မှ သတင်းသမားတစ်ဦးဖြစ်သူ အောင်ဇော်မိုး (ဖားကန့်) က ရေးသားထားသည်။
အဆိုပါ လုပ်ကြံသတ်ဖြတ်မှုဖြစ်စဥ်ကို ဖားကန့်မြို့ပေါ်ရှိ UG- PDF မြို့ပြတော်လှန်ရေးအဖွဲ့က လုပ်ဆောင်သည်ဟုလည်း ကနဦးသိရပြီး သေဆုံးသူများတွင် တစ်ဦးမှာ အမျိုးသမီးဖြစ်သည်ဟု ကြားသိရသည်ဟုလည်း ဒေသခံတစ်ဦးက ပြောသည်။
“ဖားကန့် KTV ဆိုတာက လက်နက်ကိုင်ရော၊ တပ်ကအရာရှိရော လုပ်ငန်းရှင်တွေနဲ့ အမြဲလာပြီး စကားပြောတဲ့နေရာ။ အခုနောက်ပိုင်းတော့ လက်နက်ကိုင်တွေဘက်က ချောင်းမြောင်းလုပ်ကြံတာတွေရှိလာတာ တွေ့ရတယ်။ မနှစ်ကလည်း တစ်ခါဖြစ်သေးတယ်။ ဟိုတယ်က KTV မှာ ဆိုနေတဲ့ အရာရှိတစ်ယောက် အပစ်ခံရတာ။ အခုကလည်း တပ်အရာရှိတွေနဲ့ မြို့ပေါ်ကလုပ်ငန်းရှင်နဲ့ အမျိုးသမီးတစ်ယောက်သေတယ်လို့ကြားတယ်”ဟု ဒေသခံတစ်ဦးက MT News သို့ ပြောသည်။
MT News ၏ စုံစမ်းမှုအရ ဗိုလ်မှူးဇော်မောင်၊ ကျောက်လုပ်ငန်းရှင် ဦးဘတုတ်နှင့် အမျိုးသမီးတစ်ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး ဆုံးပါးသွားပြီး ဦးကျော်စိုးနှင့် ဦးတင်မောင်လတ်ဆိုသူတို့မှာ ရရှိဒဏ်ရာများ စိုးရိမ်ရသဖြင့် မြစ်ကြီးနားဆေးရုံသို့ လွှဲပို့ကုသမှုခံယူနေရသည်ဟုလည်း သိရှိရသည်။
အဆိုပါ လုပ်ကြံသတ်ဖြတ်မှုဖြစ်စဥ်အပြီး ဧပြီလ ၂၃ ရက် နံနက် ၆ နာရီအချိန်ခန့်ကတည်းက ဖားကန့်မြို့နယ်၌ KIA နှင့် လခရများ ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည်ဟုလည်း ဒေသခံများထံမှ စုံစမ်းသိရသည်။ MT News သတင်းဌာနအနေဖြင့် အဆိုပါဖြစ်စဥ်များမှန်ကန်မှုရှိ မရှိ အတည်ပြုစုံစမ်းနိုင်ရန် တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းနေပြီး ထပ်မံသိရှိရသည်များကို ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။