MT News
Written By Thandar
မော်ဒယ်လ် သရုပ်ဆောင် မီးမီးသုခဟာ ဦးနှောက်ထဲ တီဘီ ရောဂါပိုးဝင်တာကြောင့် ရန်ကုန်မြို့ သန်လျင်ဆေးရုံမှာ ကွယ် လွန်ခဲ့တယ်လို့ သန်လျင်သဘာဝတရားရိပ်သာ ဆရာလေးက MT News ကိုမိန့်ကြားပါတယ် ။
“သူကရောဂါဖြစ်နေတယ်လို့သိရတာကြာပါပြီ။ ဆရာလေးတို့ သဘာဝတရားရိပ်သာမှာ လုပ်အားပေးလုပ်နေတာ ကြာပါပြီ။ ကျန်းမာရေးမကောင်းဖြစ်လာလို့ သန်လျင်ဆေးရုံကို ပို့ဆောင်ဆေးကုသခဲ့တာပါ”လို့ သန်လျင်သဘာဝ တရားရိပ်သာက ဆရာလေးကမိန့်ကြားပါတယ်။
အသက် ၄၃ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ သူမဟာ ဧပြီ ၂၂ ရက် ညပိုင်းက ရန်ကုန်မြို့ သန်လျင်ဆေးရုံမှ ဆုံးသွားခဲ့တာဖြစ်ပါတယ်။ မီးမီးသုခ နောက်ဆုံးနာရေးခရီးကို ဧပြီ ၂၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ရေဝေးသုသာန်မှာ သင်္ဂြိုလ်လိုက်ပြီဖြစ်ပါတယ်။
“ဘဝတစ်ကွေ့မှာဆုံခဲ့တဲ့ Model သရုပ်ဆောင် မီးမီးသုခ နယ် Model Show တွေကို အတူသွားခဲ့ကြဖူးတယ်။ ရန်ဖြစ်လိုက် ပြန်တည့်လိုက်နဲ့ ခင်မင်ခဲ့ကြတယ်။ မတွေ့ဖြစ်တော့တာ ၁၀ နှစ်ကျော်ပြီ။ သဘာဝတရားရိပ်သာမှာ လုပ်အားပေးလုပ်ရင်း ဆေးကုနေတာကြာပြီလို့တော့သိရတယ်။ အခုတော့ သန်လျင်ဆေးရုံမှာ မနေ့ညက ကွယ်လွန်သွားခဲ့ပါပြီ။ ရေဝေးသုသာန်မှာဒီနေ့သင်္ဂြုလ်ပါတယ်။ လေတခြမ်းဖြတ် တီဘီဖြစ် အကြိတ်ဦးခေါင်းထဲမှာတွေ့လို့ ခွဲစိတ်ရင်းဦးနှောက်ထဲ တီဘီပိုးဝင်လို့ ဆုံးသွားတာပါ”လို့ သရုပ်ဆောင် ပြည့်ဖြိုးက ပြောပါတယ်။
အနုပညာလုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတွေကလည်း မီးမီးသုခ ကွယ်လွန်သွားတာကို စိတ်မကောင်း ဝမ်းနည်းကြောင်း ဖော်ပြထားကြပါတယ်။