၂၄. ၃. ၂၀၂၃
Written by Nyein Kyaw
ရှမ်းပြည်နယ်၊ မိုင်းဖြတ်မြို့နယ်တွင် တာချီလိတ်မှ မိုင်းယောင်းသို့ ဘုရားဖူးသွားသည့် ကားတစ်စီး အရှိန်လွန်၍ ချောက်ထဲထိုးကျခဲ့သဖြင့် ယာဥ်ပေါ်ပါ ခြောက်ဦးအနက် အမျိုးသမီးသုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဧပြီ ၂၄ ရက် နံနက် ၈ နာရီခန့်က ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် တာချီလိတ်မှ မိုင်းယောင်းသို့ ဘုရားဖူးသွားသည့် ယာဥ်တစ်စီး အရှိန်လွန်ကာ ပေ ၂၀ ခန့်အနက်ရှိ ချောက်ထဲထိုးကျခဲ့ပြီး ကားပေါ်ပါလာသူခြောက်ဦးအနက် အမျိုးသမီးသုံးဦးသေဆုံးခဲ့ကာ ဒဏ်ရာရရှိခဲ့သည့် ကျန်သုံးဦးအနက် တစ်ဦးစိုးရိမ်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“မနက် ၈ နာရီလောက်မှာ အကြောင်းကြားလာလို့ ကျွန်တော်တို့ သွားကူညီတာ။ ကားပေါ်မှာ ယာဥ်မောင်းအမျိုးသား တစ်ဦးနဲ့ အမျိုးသမီးငါးဦး စုစုပေါင်းခြောက်ဦးပါလာတာ။ အမျိုးသမီး သုံးဦးကတော့ အဲဒီနေရာမှာပဲ သေဆုံးခဲ့တာ။ ကျန်တဲ့သုံးယောက်မှာ တစ်ယောက်ကတော့ စိုးရိမ်ရတယ်။ ကျန်တဲ့နှစ်ယောက်ကိုတော့ ကျွန်တော်တို့ တာချီလိတ်ကို ပို့ပေးလိုက်တယ်” ဟု မိုင်းဖြတ်မြို့အခြေစိုက် သင်္ဂဟလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးလှမောင်သာက ပြောသည်။