MT News
Written By Thandar
တေးသံရှင် စုချစ်ဇော်ရဲ့ သမီးငယ် ချစ်သမီးဆက်@Mabal Satt ၁ နှစ်ပြည့် မွေးနေ့ ထမင်းစတုဒိသာအလှူကို ဧပြီ ၂၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ ငါးထပ်ကြီးဘုရား ကားပါကင်မှာ လှူဒါန်းခဲ့ပါတယ်။
“သမီးလေး မွေးနေ့ကို လူအယောက် ၆၀၀ စာ ဘဲဥအလုံး ၆၀၀ချက်တယ်။ ပဲကုလားဟင်း ကျွေးတယ်။ သူငယ်ချင်း ဒီးဒီး(ခ)စန္ဒီမြင့်လွင်ကို ဖိတ်တာ နေသိပ်မကောင်းလို့ မလာဖြစ်ဘူး။ လူတွေဝေဖို့ ကိတ်မုန့် အလုံး ၃၀၀ ထည့်လှူတယ်။
အခုလို လှူဒါန်းရလို့လည်းဝမ်းသာပါတယ်။ သမီးက သိပ်မသိသေးပေမယ့် နောင်တချိန်ပြန်ပြောပြရင် ပီတိဖြစ်ရမှာပါ”လို့ တေးသံရှင် စုချစ်ဇော်ကပြောပါတယ်။
ဒီနေ့ စတုဒိသာအလှူအနေနဲ့ လူအယောက် ၆၀၀ စာအတွက် ပဲကုလားဟင်း၊ ဘဲဥဟင်း ၊ ငပိကြော် ၊ သရက်ချဉ်သုပ်၊ အအေးဘူး ၁၀၀၀ ၊ ကိတ်မုန့် ၊ ပိုက်ဆံ စတာတွေကို လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် မမဆောင်းလို့ လူသိများလာတဲ့ ဆောင်းအိန္ဒြေထွန်းကလည်း ငွေကြေးထည့်ဝင်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
“စုချစ်က စာတွေ တအားဖတ်တော့ သူများအထင်ကြီးအောင် ဂုဏ်ရှိအောင် ကုသိုလ်ပြုရတဲ့ ဒါနက အလွန်ညံ့တဲ့ ဒါနတဲ့။မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ တရားမှာပါတယ်။ စုချစ်က လူအထင်ကြီးအောင် လုပ်တဲ့ပွဲမျိုးမလုပ်ချင်ဘူး။ ကိုယ်လည်းမသွားဘူး။ လုပ်ရတာလည်းရှက်တယ်။ လင်မယားနှစ်ယောက်သွား ရင်းလာရင်း တကယ်လိုအပ်သူကို လမ်းမှာလှူလိုက်ရတာ ကျေနပ်ပီတိဖြစ်တယ်။ ဒါကြောင့် သမီးလေးမွေးနေ့မှာ အခုလိုလေးလှူဖြစ်တာပါ”လို့ သူမက ဆက်ပြောပါတယ်။
သူမနဲ့ ခင်ပွန်းကောင်းမြတ်ဆက်တို့က အိမ်ထောင်သက် ၆ နှစ်မှာ သမီးလေးတွေဖြစ်တဲ့ ချစ်သမီးမြတ် @ Hazal Myat နဲ့ သမီးငယ် ချစ်သမီးဆက်@Mabal Satt တို့ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ စုချစ်ဇော်က ကိုယ်ပိုင်စီးပွားရေးအနေနဲ့ လက်ရှိ Clothing By Hazel & Mabel Brand ကိုလည်း ထုတ်လုပ်နေလျှက်ရှိပါတယ်။