၂၄. ၄. ၂၀၂၃
Written by Ye Kyaw
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကျပ်သိန်းပေါင်း ၂၀၀၀ ကျော် ကုန်ကျမည့် စက်မှုလယ်ယာ ဧက ၁၀၀ ကျော်ဖော်ဆောင်နိုင်ရန်အတွက် ပြည်တွင်းလုပ်ငန်းရှင်များအတွက် ဧပြီ ၂၄ ရက် (ယနေ့)တွင် တင်ဒါလျှောက်လွှာများ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ကယားပြည်နယ်၊ စက်မှုလယ်ယာဦးစီးဌာနမှ ကြေညာထားသည်။
“စပါးစိုက်ပျိုးဖို့ပေါ့ ခုပဲ လုပ်ရမှာပေါ့။ ဒီနေ့မှ စခေါ်တာဆိုတော့ လာလျှောက်တာတော့ မရှိသေးဘူး” ကယားပြည်နယ်၊ စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးမှူးက ပြောသည်။
ကယားပြည်နယ်၊ စက်မှုလယ်ယာဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အစိုးရ၏ ခွင့်ပြုငွေလုံးငွေရင်းရန်ပုံငွေဖြင့် စက်မှုလယ်ယာစနစ်ကျ လယ်မြေ ၁၀၁ ဒသမ ၃၁ ဧက ဖော်ထုတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။
ကယားပြည်နယ်၊ လွိင်ကော်မြို့၊ ဒေါပေါကလဲကျေးရွာရှိ ကွင်းအမှတ် ၉၃/၉၄ တွင် စက်မှုလယ်ယာ ဖော်ထုတ်သွားမည်ဖြစ်ပြီး ဆောင်ရွက်လိုသော မြန်မာနိုင်ငံသားလုပ်ငန်းရှင်များ အိတ်ဖွင့်တင်ဒါတင်သွင်းပြီး လျှောက်ထားနိုင်ကြောင်း ကယားပြည်နယ် စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
တင်ဒါလျှောက်လွှာများကို ကယားပြည်နယ်၊ စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးတွင် ဧပြီ ၂၄ ရက်မှ မေ ၇ ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ပြီး လာမည့် မေ ၈ ရက်နောက်ဆုံးထား၍ တင်ဒါလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။