၂၄. ၄. ၂၀၂၃
Written By Thandar
“ဗိဿနိုးပြည်၏ဧကရီ ပန်ထွာဒေဝီ” နေရာမှာ ရွှေပိုးအိမ်ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်သံပြဇာတ် ဇာတ်လမ်းတွဲ မကြာခင် Fortune TV Channel ထုတ်လွှင့်ပြသမယ်လို့ ထုတ်လုပ်မူဒါရိုက်တာ မပတ္တမြားကေခိုင်က MT News ကို ပြောပါတယ်။
“ကျွန်မတို့က ဗိဿနိုးပြည်၏ဧကရီ ပန်ထွာဒေဝီ ရုပ်သံ ပြဇာတ် ဇာတ်လမ်းတွဲလေးပါ။ ဒီနေရာမှာ ညီမလေး ရွှေပိုးအိမ်က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီလို ဇာတ်မျိုးလည်း တစ်ခါမှ မရိုက်ဖူးကြပါဘူး။ ဇာတ်သဘင်ပြဇာတ်ဆိုရင် တစ်ထုပ်စာပဲ ကကြတာပါ။ ဒါကတော့ တစ်ပိုင်းစာကို ရိုက်ကူးမှုတွေ ပြီးသွားပါပြီ။ ကိုယ်ကလည်း အမျိုးသမီးဖြစ်တော့ အမျိုးတွေကို အမြဲတမ်းလည်း လေးစားတယ်။ ရာဇဝတ်ထဲမှာလည်း ထင်ရှားတဲ့ ဘုရင်မကြီး ဧကရီတွေ သဘောကျတယ်။ ဒါကြောင့် ရာဇဝင်ထဲက ဧကရီ အကြောင်းကို ရိုက်ကူးဖြစ်တာပါ ”လို့ ထုတ်လုပ်မှုဒါရိုက်တာ မပတ္တမြားကေခိုင်ကပြောပါတယ်။
ဒီဇာတ်လမ်းတွဲမှာ စကြာငါးပါးပိုင်ဆိုင်တဲ့ မှဲ့ရှင်တော်နဲ့ အတုမဲ့ခေါင် ဒွတ္တဘောင်မင်း၊ လက်ရုံးရည်၊ နှလုံးရည်နဲ့ပြည့်စုံတဲ့ ပန်ထွာဘုရင်မရဲ့ချစ်သူ တပ်မှူးနန္ဒ၊ ပန်ထွာဘုရင်မအဖြစ် ရွှေပိုးအိမ်၊ ဒွတ္တဘောင်မင်းအဖြစ် ညီထွဋ်ခေါင်၊ တပ်မှူးနန္ဒအဖြစ် မင်းတော်ဝင်တို့က အဓိကပါဝင်ထားပြီး ရဲရဲ၊ ချမ်းချမ်းမိုး၊ ရွှေစင်နဲ့ အခြားသရုပ်ဆောင်များစွာက အားဖြည့်တင်ဆက်ပြသမှာဖြစ်ပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲကို ဇာတ်ညွှန်းနဲ့ ထုတ်လုပ်မှု ဒါရိုက်တာ မပတ္တမြားကေခိုင်နဲ့ ဒါရိုက်တာ ကိုဆန်းမင်းတို့ကသရုပ်ဆောင်တွေဖြစ်တဲ့ ညီထွဋ်ခေါင် ၊ မင်းတော်ဝင်၊ ရွှေပိုးအိမ် ၊ မရွှေစင်၊ မစန္တာလင်း၊ မိုးသဲ ၊ မချမ်းမိုး၊ မသဒ္ဒါသိမ့်စတဲ့ သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးပါဝင်ထားကြပါတယ်။
W Entertainment က စီစဉ်တဲ့ “ဗိဿနိုးဧကရီ ပန်ထွာဒေဝီ” ရုပ်သံပြဇာတ် ဇာတ်လမ်းတွဲမှာ မိနစ် ၃၅ မိနစ်ကျော် ပါဝင်ပြီး အပိုင်း ၇ ပိုင်းစာကို Fortune TV Channel လိုင်းက May လအတွင်း ပြသသွားမှာဖြစ်ပါတယ်။