၂၄. ၄.၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်အနီး ပုဇွန်တောင်ဘူတာ ပလက်ဖောင်း၏ လူကူးတံတားအောက်တွင် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးသည့်ဖြစ်စဥ်တစ်ခု ယနေ့ ဧပြီလ ၂၄ ရက်နေ့ နံနက် ၈ နာရီ အချိန်ခန့်ကဖြစ်ပွားခဲ့ကြောင်း မင်္ဂလာတောင်ညွန့် လူငယ်ပရဟိတအသင်းမှ သိရသည်။
“ကျားတစ်ဦး သေဆုံးနေကြောင်း အကြောင်းကြားလာလို့ ကျီတော်ပရဟိတ အဖွဲ့ကနေပြီး DB ကို ရန်ကုန်ဆေးရုံကြီးကို ပို့ပေးဖို့ ကျွန်တော်တို့ မင်္ဂလာတောင်ညွန့် လူမှုကူညီကယ်ဆယ်ရေးကွန်ယက် (MTNT)အဖွဲ့ဝင် မင်္ဂလာတောင်ညွန့် လူငယ် လူမှုကူညီရေးအသင်းကို လှမ်းချိတ်တယ်။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ ခွင့်ပြုချက်နဲ့ ပို့ဆောင်ကူညီပေးခဲ့ပါတယ်။ သေတာ ၂ ရက်လောက်ရှိပြီလို့ ခန့်မှန်းရတယ်။ ဘာကြောင့်သေလဲဆိုရင်တော့ အရက်သောက်တာနဲ့ ရာသီဥတုဒဏ်ကြောင့်လို့ လတ်တလော ယူဆရတာပဲ”ဟု မြင်တွေ့ရသည့် အခြေအနေကို မင်္ဂလာတောင်ညွန့်လူငယ် ပရဟိတအဖွဲ့မှ တာဝန်ရှိသူက MT News သို့ ပြောသည်။
သေဆုံးသူမှာ အသက် ၃၀ ဝန်းကျင် လူငယ်တစ်ဦးဖြစ်ပြီး ထိုင်လျှက်သား သေဆုံးနေခြင်းဖြစ်ကာ သေသူ၏ နေရပ် အမည်တို့ကို မသိရှိရကြောင်းနှင့် အိမ်ခြေမဲ့တစ်ဦးဟု ယူဆရကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူက ပြောသည်။