၂၄. ၄. ၂၀၂၃
Written by Min Mahar
ယမန်နေ့ညဦးပိုင်းက မန္တလေးမြို့ရှိ “V9 KTV “တွင် ဆိုင်ကယ်ဖြင့်မတော်တဆတိုက်မိရာမှ စကားများရန်ဖြစ်ကြပြီး သေနတ်ထုတ်ကာပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ဧပြီလ ၂၃ ရက် ည ၇ နာရီကျော်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၄၂ လမ်းနှင့် ၄၃ လမ်းကြား၊ ၅၅ လမ်းပေါ်ရှိ “V9 KTV “တွင် စားသောက်ပြီးပြန်ထွက်လာသော က-၁ ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သော အသက် ၄၅ နှစ်အရွယ်အမျိုးသားနှင့် ၅၃ လမ်း၊ ၁၀၅ လမ်းနှင့် ၁၀၆ လမ်းကြား၊ အောင်ပင်လယ်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၌နေထိုင်သော အသက် ၃၆ နှစ်အရွယ်အမျိုးသားတို့ပါဝင်သည့် အမျိုးသားလူငယ် ၁၀ ဦးသည် ကားပါကင်သို့ ရောက်ရှိလာခဲ့သည်။ ထိုစဥ် ကွေ့ကြီးကုန်းရွာ၊ ပုသိမ်ကြီးမြို့နယ်၌ နေထိုင်သော အသက် ၃၀ အရွယ်အမျိုးသားနှင့်အသက် ၂၃ နှစ်ခန့်ရှိသော ညီတော်စပ်သူတို ၂ ဦးသည် ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး အသက် ၄၅ နှစ်အရွယ် အမျိုးသားအား ဆိုင်ကယ်ဖြင့် ဝင်တိုက်မိခဲ့သောကြောင့် စကားများရန်ဖြစ်ကြပြီး အဆိုပါတိုက်မိခံရသူမှ ၎င်းလွယ်ထားသည့် ဘေးလွယ်အိတ်အတွင်းမှ အသင့်ပါလာသော ပစ္စတိုသေနတ်ဖြင့်ပစ်ခတ်ခဲ့ကာ အသက် ၃၆ နှစ်အရွယ်အမျိုးသားသည်လည်း ကားထဲတွင်အသင့်ပါလာသော ဓားဖြင့်ဝင်ရောက်ခုတ်ခဲ့သဖြင့် ဆိုင်ကယ်ဖြင့်ဝင်ရောက်တိုက်မိခဲ့သောညီအကို ၂ ဦးမှ ာဒဏ်ရာများကိုယ်စီရရှိခဲ့ကြောင်း V9 KTV မှ တာဝန်ရှိသူတစ်ဦးပြောပြချက်အရ သိရသည်။
အဆိုပါ ဆိုင်ကယ်ဖြင့် ဝင်တိုက်မိသောညီအစ်ကို ၂ ဦးအား သေနတ်ဖြင့်ပစ်ခတ်ပြီး ဓား နှင့်ပါအခုတ်ခံရမှုကြောင့် အသက် ၃၀ အရွယ်အစ်ကိုဖြစ်သူမှာ ဦးခေါင်းနောက်စေ့တွင် ပြတ်ရှသွားသည့် ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)နှင့် အသက် ၂၃ နှစ်အရွယ်ညီဖြစ်သူမှာမူ ဝဲဘက်ရင်ညွန့်အောက်ကို ကျည်ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)စသည့် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။
သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များမှ အခင်းဖြစ်ရာသို့ ရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် တရားခံများရှောင်ပုန်းရာ ချမ်းမြသာစည်မြို့နယ်၊ ၁၀၇ လမ်း၊ ၅၅ လမ်းနှင့် ၅၆ လမ်းကြားရှိ”နှင်းဆီဝေ” ဟိုတယ်၊ အခန်းအမှတ် ၃၀၄ သို့သွားရောက်ကာ တူရကီနိုင်ငံထုတ် GLOCK အမျိုးအစားပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၂၇ တောင့်တို့နှင့်အတူ သေနတ်ဖြင့်ပစ်ခတ်၍ ဓားနှင့်ပါခုတ်ခဲ့သူများအားဖမ်းဆီးရမိပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းလည်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူထံမှ သိရသည်။