◾မြန်မာကိုကူညီရန် ဒေါ်လာ ၇၆၄ သန်းကျော် လိုအပ်သော်လည်း လက်ရှိအချိန် ဒေါ်လာ ၆၈ သန်းကျော်သာ ရရှိ
၂၃. ၄. ၂၀၂၃
Written by Nay Aung
၂၀၂၃ ခုနှစ်အတွက် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေးတုံ့ပြန်မှုအစီအစဉ်များကို အကောင်ထည်ဖော်ရန်အတွက် မြန်မာနိုင်ငံကို ကူညီလှူဒါန်းမှုအများဆုံးပြုလုပ်ထားသော နိုင်ငံများထဲတွင် ဂျပန်နိုင်ငံက အများဆုံးကူညီလှူဒါန်းပေးထားကြောင်း ကုလသမဂ္ဂ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့(UNOCHA) ၏ ထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင်ရန် UNOCHA မှတစ်ဆင့် ကူညီလှူဒါန်းပေးထားသော နိုင်ငံများရှိနေရာ ဂျပန်၊ အမေရိကန်၊ ဂျာမနီနှင့် သြစတြေးလျနိုင်ငံတို့က ထိပ်ဆုံးတွင်ရှိနေကြောင်း သိရသည်။ ကုလသမဂ္ဂ လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးအဖွဲ့သည် ၂၀၂၃ ခုနှစ်အတွက် မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေးတုံ့ပြန်မှုအစီစဉ်များအတွက် အမေရိကန်ဒေါ်လာ ၇၆၄ ဒသမ ၃ သန်း လိုအပ်နေသော်လည်းလက်ရှိအချိန်တွင် ကောက်ခံရရှိငွေ ဒေါ်လာ ၆၈ ဒသမ ၉သန်းသာရရှိထားသေးကြောင်း သိရသည်။
မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင်ရန် ကူညီလှူဒါန်းပေးသော နိုင်ငံများတွင် ဂျပန်က ဒေါ်လာ ၂၈ ဒသမ ၂ သန်း၊ အမေရိကန်က ၉ ဒသမ ၆ သန်း၊ ဂျာမနီကဒေါ်လာ ၈ ဒသမ ၅ သန်း၊ သြစတြေးလျက ၆ ဒသမ ၁ သန်း ကူညီလှူဒါန်းပေးထားကြောင်း သိရသည်။ ထို့အပြင် ကနေဒါ၊ဥရောပသမဂ္ဂ၊ ဆွီဒင်၊ ဆွတ်ဇာလန်၊ အိုင်ယာလန်၊ လူဇင်ဘတ်နိုင်ငံတို့သည်လည်း မြန်မာနိုင်ငံအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးရန် UNOCHA မှတစ်ဆင့် ကူညီလှူဒါန်းပေးထားသောနိုင်ငံများထဲတွင် ပါဝင်နေကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူအရေအတွက်သည် ပြီးခဲ့သော ၂ နှစ်ကျော်အတွင်း မြင့်တက်လာခဲ့ပြီး အနည်းဆုံး ၁ ဒသမ ၈သန်းခန့် နေရပ်စွန့်ခွာထွက်ပြေးနေကြောင်း ကုလသမဂ္ဂကဆိုသည်။၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လူသားချင်းဆိုင်ရာစာနာမှုအကူညီများ လိုအပ်သူဦးရေ က ၁၇ ဒသမ ၆ သန်းခန့်ရှိမည်ဟု ကုလသမဂ္ဂအဖွဲ့က ခန့်မှန်းထားသည်။လူသားချင်းဆိုင်ရာ စာနာမှုအကူညီပေးရေးတုံ့ပြန်မှုအစီအစဉ်များအရ ယခုနှစ်အတွင်း မြန်မာနိုင်ငံရှိ လူပေါင်း ၄ ဒသမ ၅ သန်းကျော်ကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးနိုင်ရန် ရည်ရွယ်ထားကြောင်း UNOCHA က သတင်းထုတ်ပြန်ထားသည်။