၂၃. ၄. ၂၀၂၃
Written by Nay Aung
ဆွီဒင်အခြေစိုက် Engineering နှင့် Design ကုမ္ပဏီတစ်ခုဖြစ်သော AFRY က ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်စီမံကိန်းများတွင် ပါဝင်လုပ်ကိုင်ခြင်းများကို အဆုံးသတ်ရန် ဆုံးဖြတ်လိုက်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံ၏ လူအခွင့်ရေးအခြေအနေများ ကောင်းမွန်မှုမရှိခြင်းအတွက် လုပ်ငန်းများ လုပ်ကိုင်နေခြင်းကို ရပ်တန့်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ဆိုသည်။မြန်မာနိုင်ငံ၏ စွမ်းအင်စနစ်များ တည်ငြိမ်ရန်၊ သန့်ရှင်းမှုများ ပိုမိုဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် AFRY ကုမ္ပဏီသည် မြန်မာ့ရေအားလျှပ်စစ်ဓာတ်အားပေးစီမံကိန်းတွင် ဆယ်စုနှစ် ၂ ခုကျော်ကြာ ပါဝင်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီက “မြန်မာနိုင်ငံရဲ့လူအခွင့်အရေး အခြေအနေတွေဟာ ယိုယွင်းမှုများနဲ့အတူ ဖွံ့ဖြိုးတိုးတက်မှုတွေက အနုတ်လက္ခဏာဘက်ကို ဦးတည်နေတယ်။ ဒါကြောင့် မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စီမံကိန်းတွေနဲ့ပတ်သက်ပြီး ကတိကဝတ်တွေကိုအဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်တယ် ” ဟုဆိုသည်။
အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စီမံကိန်းသုံးခုတွင် လက်ရှိလုပ်ကိုင်လျက်ရှိနေကြောင်း သိရသည်။အာဏာပဋိပက္ခမဖြစ်ပွားခင် မြန်မာနိုင်ငံ၏ရေအားလျှပ်စစ်စီမံကိန်းတွင် လုပ်ကိုင်ရန် စာချုပ်များ လက်မှတ်ရေးထိုးခဲ့သော်လည်း ယင်းအချိန်နောက်ပိုင်းကတည်းက စာချုပ်များထပ်မံချုပ်ဆိုခြင်းမရှိခဲ့ကြောင်း သိရသည်။
အဆိုပါကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေများကို အကဲဖြတ်သုံးသပ်ခဲ့ပြီး ယခုနှစ်ကုန်ဆုံးချိန်တွင် မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ် စီမံကိန်းလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေမှုများကို အပြီးသတ် အဆုံးသတ်သွားဖွယ်ရှိနေကြောင်း AFRY က ဆိုသည်။
အဆိုပါကုမ္ပဏီက “ကျွန်တော်တို့ဟာ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကူညီထောက်ပံ့ပေးမှာမဟုတ်ဘူး။ ကျွန်တော်တို့ ကုမ္ပဏီရဲ့အင်ဂျင်နီယာအရည်အချင်းတွေနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုမဖြစ်အောင် ပိုမိုဘေးကင်းလုံခြုံမှုရှိအောင် အကာအကွယ်ပေးခဲ့တယ်။ ရေအားလျှပ်စစ် စီမံကိန်းတွေကနေ သန့်ရှင်းတဲ့စွမ်းအင်စနစ်ဖြစ်စေဖို့ ကူညီပံ့ပိုးပေးခဲ့တယ်” ဟုဆိုသည်။