၂၂. ၄. ၂၀၂၃
Written by Nay Moe
၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အား မလျော်ဩဇာလွှမ်းမိုးခြင်းများကြောင့်ဟုဆိုကာ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀-ကဖြင့် စွဲချက်တင်ထားသည့် အမှုအတွက် တရားလိုပြသက်သေအဖြစ် ဆောင်ရွက်ခဲ့သူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူမှာ ယနေ့တွင် လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည်ဟု ကနဦးသတင်းများအရ ကြားသိရသည်။
ဖြစ်စဉ်မှာ ယနေ့ ဧပြီ ၂၂ ရက် နေ့လည် ၂ နာရီခန့်အချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူမှာ ဇနီးဖြစ်သူ ဆရာဝန်ကို ဆေးခန်းပို့ပြီး တစ်ဦးတည်း ကားမောင်းပြီး ပြန်လာချိန် သင်္ဃန်းကျွန်းမြို့နယ် အောင်ရတနာဆေးရုံအနီးနှင့် ဝေဇယန္တာလမ်းပေါ် ၁၆ လမ်းဆုံအနီးအရောက်တွင် PDF များက သေနတ်ဖြင့်ပစ်ခတ်သဖြင့် ဦးစိုင်းကျော်သူတွင် လည်ပင်း၊ ယာနားနောက်၊ ချိုင်းအောက်၊ လက်များတွင် ကျည်ထိဒဏ်ရာငါးချက်ရပြီး သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်စဥ် သေဆုံးသွားကြောင်းနှင့် ပစ်ခတ်မှုဖြစ်သည့်နေရာမှ ကျည်ခွံ ၁၂ ခုတွေ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းဌာနများက ဖော်ပြခဲ့ကြသည်။
“ဦးဝင်းမြင့်တို့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးမင်းသူတို့ မဲမသမာမှုတွေ၊ မလျော်ဩဇာပြုမှုတွေကို အမှုဖွင့်ချိန်မှာ ဦးစိုင်းကျော်သူက တရားလိုပြသက်သေအဖြစ်ရော၊ ပြန်ခေါ်သက်သေအဖြစ်ရောပါတော့ အငြိုးထားခံရတဲ့အခြေအနေမှာ ရှိတယ်။ အဲဒါကြောင့်လည်း လုပ်ကြံခံရတာဖြစ်နိုင်တယ်”ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက သုံးသပ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား မလျော်ဩဇာသုံး၍ လွှမ်းမိုးခြင်းကြောင့်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်က တရားလိုပြုလုပ်၍ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀-က ဖြင့် တရားစွဲဆိုခဲ့ရာ ထိုပုဒ်မဖြင့်ပင် ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့ ထောင်သုံးနှစ်စီ ချမှတ်ခံခဲ့ရသည်ဟု သိရသည်။
MT News သတင်းဌာနအနေဖြင့် ဦးစိုင်းကျော်သူ လုပ်ကြံခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကနဦးသိရှိရသည်ကို ဖော်ပြလိုက်ကာ ဆက်လက်ပြီး အတည်ပြုသိရှိရသည်များကို ထပ်မံဖော်ပြပေးမည်ဖြစ်သည်။