၂၂. ၄. ၂၀၂၃
Written By Thandar
၂၀၁၉ -၂၀၂၀-၂၀၂၂ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအခမ်းအနားကို တက်ရောက်လာမယ့် ယခင်နှစ်တွေက အကယ်ဒမီဆုရရှိပြီးသူ အနုပညာရှင် ၊ အတတ်ပညာရှင်တွေကို ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ အကယ်ဒမီပုံ ရွှေရင်ထိုးများ ပေးအပ်မယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ(၁) ဦးအေးကြူလေးက MT News ကိုပြောပါတယ်။
” ဒီနှစ် အကယ်ဒမီပေးပွဲကို တက်လာတဲ့ အနုပညာရှင်တွေထဲကမှ ယခင်နှစ်တွေက အကယ်ဒမီဆု ရရှိထားပြီးသား အနုပညာရှင်တွေအတွက် အကယ်ဒမီ ရွှေရင်ထိုးတွေ ပေးအပ်ဖို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးအနေနဲ့ စီစဉ်ထားပါတယ်” လို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ဦးအေးကြူလေးက ပြောပါတယ်။
ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ အကယ်ဒမီရွှေစင်ရုပ်ထုပုံစံ ရွှေရင်ထိုးတွေကို လာမယ့် ၂၀၂၃ ခုနှစ် မေလ ၆ ရက်မှာ ကျင်းပမယ့် မြန်မာရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲဖြစ်တဲ့ Red Carpet မှာ ရွှေရင်ထိုးအခန်းမှာ ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။
လက်ရှိ မြန်မာ့ရုပ်ရှင်လောကမှာ အကယ်ဒမီဆုရရှိပြီးသူ အနုပညာရှင် အတတ်ပညာရှင်ဦးရေမှာ ၁၂၀ ဦး ခန့်ရှိပြီးတော့ ယခုနှစ် အကယ်ဒမီပေးပွဲတွင် တက်ရောက်ချီးမြှင့်လာပါက တက်ရောက်ကြသူ အကယ်ဒမီဆုရှင်တွေကို အကယ်ဒမီ ပုံရွှေရင်ထိုးတွေ ပေးအပ်မှာဖြစ်ပါတယ်။
သုံးနှစ်စာ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲကို တက်ရောက်လာတဲ့ မြန်မာ့ရုပ်ရှင်အမျိုးသမီး အနုပညာရှင်တစ်ဦးကိုလည်း ဆန်းသစ်တီထွင်ထားတဲ့ မြန်မာဝတ်စုံ Fashion Award ဆု (တစ်ဆု) “WOMEN’s FASHION AWARD / အမျိုးသမီးဖက်ရှင်ဆု ပေးအပ်သွားမှာဖြစ်ပါတယ်။
သတိပြုရမယ့်အချက်အနေနဲ့ ခန္ဓာကိုယ်အသားပေးချုပ်လုပ်ထားတဲ့ ဝတ်စုံမျိုးလုံးဝမဖြစ်စေရဘူးလို့ ဆိုပါတယ်။ ဆုရရှိမယ့် ဖက်ရှင်ဝတ်စုံဆုကို အကယ်ဒမီပေးပွဲ ည ၆ နာရီခွဲမှာ အကုန်လုံး အမှတ်ပေါင်းပြီး ည ၆ နာရီ ၄၅ ဝန်းကျင်မှာ ဆုရရှိသူကို ကြေညာပေးမယ်လို့ သိရပါတယ်။