၂၂. ၄. ၂၀၂၃
Written by Nyein Kyaw
လာမည့် မေလ ၃ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)တွင် မန္တလေးမြို့ ကျုံးပတ်လည်၌ မန္တလေးမြို့ လေးပြင်လေးရပ်မှ သံဃာတော်အပါး ၁၀,၀၀၀ ကျော်အား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လောင်းလှူပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
ဧပြီ ၂၁ ရက်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိူးအောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများက အခမ်းအနား ကျင်းပနိုင်ရန်အတွက် အစည်းအဝေးပြုလုပ်ခဲ့ကာ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများအလိုက် ဖွဲ့စည်းတာဝန်ပေးထားပြီး လေးပြင်လေးရပ်တွင် အခမ်းအနားပြင်ဆင်မှုများ အချိန်မီပြီးစီးနိုင်ရန် လုပ်ငန်းကော်မတီများအလိုက် ဆောင်ရွက်သွားမည်ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးဆောင်ရွက်မည့် သာသနာတော်နှစ် ၂၅၆၇ ခု အထိမ်းအမှတ် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ဖြစ်သည့် မေလ ၃ ရက် နံနက်ပိုင်းတွင် ကျုံးအရှေ့ဘက်(အရှေ့ပြင်) ၆၆ လမ်းအတိုင်း၊ ကျုံးတောင်ဘက် (တောင်ပြင်) ၂၆ လမ်းအတိုင်း၊ ကျုံးအနောက်ဘက် (နောက်ပြင်) လမ်း ၈၀ အတိုင်းနှင့် ကျုံးမြောက်ဘက် (မြောက်ပြင်) ၁၂ လမ်း တစ်လျှောက်တို့တွင် သံဃာတော် ၂,၅၆၇ ပါးစီတို့ဖြင့် စုစုပေါင်းသံဃာတော် ၁၀,၂၆၈ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လောင်းလှူသွားမည်ဖြစ်သည်။
အလှူခံသံဃာတော်များနှင့် အလှူရှင်များ အဆင်ပြေစိတ်ချမ်းမြေ့စေရေး အလေးအနက်ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အစဥ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသည့် ကဆုန်ညောင်ရေသွန်းလောင်းပွဲများကိုလည်း ကျင်းပသွားရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြောင်း အခမ်းအနားဖြစ်မြောက်ရေး ဦးစီးကော်မတီက အသိပေးထားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးစီးဆောင်ရွက်မည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာအပါး ၁၁,၁၁၁ ပါးဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားကိုလည်း ၂၀၂၃ ခုနှစ် မေလ ၂ ရက်၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် အာရုဏ်တက်ချိန်၌ ရွှေတိဂုံစေတီတော် အထက်ပစ္စယံနှင့် ပြည်သူ့ရင်ပြင်တို့တွင် ကျင်းပသွားမည်ဖြစ်သည်။