◾️လေဆင်နှာမောင်းဒဏ်ကြောင့် အိမ်ခြေ ၂၃၂ လုံးပျက်စီးပြီး လူ ၆ ဦးသေဆုံးကာ ၁၀၉ ဦး ဒဏ်ရာရ
MT News
၂၂. ၄. ၂၀၂၃
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့တွင် ဧပြီ ၂၁ ရက်ညက လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုဖြစ်ပွားခဲ့သည့် ကျေးရွာများရှိ ဒေသခံပြည်သူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ကြည့်ရှုအားပေး၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဧပြီ ၂၁ ရက် ၆ နာရီခန့်တွင် ဖြစ်ပွားခဲ့သည့် လေဆင်နှာမောင်းဒဏ်ကြောင့် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရွှေဟင်္သာကျေးရွာအုပ်စု၊ တံတားဦးကျေးရွာနှင့် ကံသာကျေးရွာအုပ်စု၊ အောင်မြင်ကုန်းကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သည်။
လေပြင်းတိုက်ခတ်မှုကြောင့် တံတားဦးကျေးရွာတွင် အိမ်ခြေ(၇၇)လုံး၊ အောင်မြင်ကုန်းကျေးရွာတွင် အိမ်ခြေ(၁၅၅)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး၊ တံတားဦးကျေးရွာမှ ထိခိုက်ဒဏ်ရာရရှိသူ(၄၈)ဦး၊ စိုးရိမ်ရ(၁၆)ဦး၊ သေဆုံး မ(၂)ဦးနှင့် အောင်မြင်ကုန်းကျေးရွာမှ ထိခိုက်ဒဏ်ရာရရှိသူ(၆၁)ဦး၊ သေဆုံး ကျား(၂)ဦး၊ မ(၂)ဦး၊ စုစုပေါင်းထိခိုက်ဒဏ်ရာရရှိသူ (၁၀၉)ဦး၊ သေဆုံး(၆)ဦး ရှိခဲ့ပြီး အဆိုပါထိခိုက်ဒဏ်ရာရရှိသူများကို လယ်ဝေးမြို့နယ်ကုတင် (၁၀၀)ဆံ့ဆေးရုံနှင့် ဇမ္ဗူသီရိမြို့နယ်၊ ကုတင်(၁၀၀၀)ဆံ့ဆေးရုံများသို့ လူမှုကူညီရေးအသင်းများနှင့် ချိတ်ဆက်၍ ပို့ဆောင်လျက်ရှိပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။
ထို့ပြင် အောင်မြင်ကုန်းကျေးရွာတွင် စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် ကျေးလက်ဆေးပေးခန်းတို့ ပျက်စီးခဲ့ပြီး တံတားဦးကျေးရွာတွင်လည်း ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ပျက်စီးခဲ့ကြောင်း သိရသည်။
“အောင်မြင်ကုန်းက တစ်ရွာလုံးလိုလိုပျက်သွားတာလို့ ပြောရမှာ။ တံတားဦးကတော့ ရွာတစ်ဝက်လောက်ပါသွားတာပေါ့။ အခုအချိန်မှာ နေစရာမရှိ၊ စားစရာမရှိ ဖြစ်သွားတဲ့ အိမ်ထောင်စု ၂၅၀ လောက်အတွက် ပြန်လည်ထူထောင်ရေးက အရေးအကြီးဆုံးပါ” ဟု လေဘေးသင့်ကျေးရွာများကို ကူညီနေသူတစ်ဦးက ပြောသည်။