၂၂. ၄. ၂၀၂၃
Written by Ye Kyaw
ပြည်တွင်း လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပမှ တင်သွင်းမှုအပေါ် အကောက်ခွန် ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြုကြောင်း ဧပြီ ၂၀ တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှစတင်၍ အကျိုးသက်ရောက်မည်ဖြစ်သည့် အဆိုပါ ကင်းလွတ်ခွင့်အရ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများဖြစ်သည့် (၁)နေရောင်ခြည်စွမ်းအင်များ ထုတ်လုပ်ပေးနိုင်သည့် အချပ်များ (PV Module/ Solar Module/ PV Panel/ Solar Panel 92 Watt CIGS (Copper Indium Gallium Selenide)၊ (၂)နေရောင်ခြည်စွမ်းအင်သုံး ပေါင်းစပ်ထိန်းချုပ် ကိရိယာ (PV / Solar (Hybrid/Smart Array) Controller, Charge Controller For PV / Solar)၊ (၃) နေရောင်ခြည်စွမ်းအင်သုံး အင်ဗာတာ (စထရင်း/ပေါင်းစပ်/ဘတ္ထရီ/နှစ်မျိုးသုံး/ပင်မ) (PV/ Solar Inverter (String / Hybrid / Battery / Bidirectional / Central)၊ (၄)အိမ်သုံးတပ်ဆင်မှုပုံစံများ (ခေါင်းမိုးနှင့် မြေပြင်တွင် တပ်ဆင်ခြင်း) (PV / Solar Mounted Structure, PV / Solar Mounted Frames, PV / Solar Mounted Kits (Roof and Ground Mounted)၊ (၅) နေရောင်ခြည်စွမ်းအင် တပ်ဆင်မှုစနစ် (ရေပေါ်တွင်တပ်ဆင်ခြင်း) (PV / Solar Mounted System (Floating))၊ (၆) နေရောင်ခြည်စွမ်းအင်သုံး ထိန်းချုပ်ကိရိယာနှင့် ဘတ္ထရီပုံး (PV / Solar Controller and Battery Box) (PV / Solar Controller နှင့် Battery တွဲလျက် တင်သွင်းခြင်းအတွက်သာ)တို့ကို အကောက်ခွန်ကင်းလွတ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
“အခုထိတော့ အိမ်သုံးတွေမှာကတော့ ဈေးကတော့ ဒီဈေးအတိုင်းပဲ ဈေးအတက်အကျကတော့ မရှိသေးဘူး။ နောက်ပိုင်းတော့ မသိဘူး” ဟု ဆိုလာနှင့်ဆက်စပ်ပစ္စည်းရောင်းချနေသည့် နာမည်ကြီးဆိုင်တစ်ခုက ပြောသည်။
မြန်မာနိုင်ငံတွင် အိမ်သုံး ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ ရောင်းချနေမှုတွင် ဂျာမနီနိုင်ငံထုတ်နှင့် တရုတ်နိုင်ငံထုတ် ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ အဓိကရောင်းချလျက်ရှိပြီး ဂျာမနီနိုင်ငံထုတ် အမှတ်တံဆိပ်များကို လူကြိုက်များပြီး လက်ရှိတွင် သုံးစွဲမှုမြင့်တက်နေကြောင်း သိရသည်။
လက်ရှိကြုံတွေ့နေရသည့် လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ကိုယ်ပိုင်မြေနေရာများပေါ်တွင် တစ်နိုင်တစ်ပိုင် တပ်ဆင်ထားသော အသေးစားဆိုလာစနစ်မှ ပိုလျှံသောလျှပ်စစ်ဓာတ်အားများကို ရောင်းချပါက ဝယ်ယူသွားမည်ဖြစ်ကြောင်း ဧပြီ ၂၁ ရက်တွင် ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က ထုတ်ပြန်ထားသည်။