၂၂. ၄. ၂၀၂၃
Written by Min Mahar
ယမန်နေ့ညနေပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် စည်ပင်ဝန်ထမ်းများတန်ပိုကြေးကောက်ခံနေစဉ် လူငယ် ၂ ဦးက လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခဲ့သော်လည်း ပေါက်ကွဲမှုမရှိသဖြင့် သက်ဆိုင်ရာမှ ယမ်းပျော့ကပ်ပြီး ဖောက်ခွဲဖျက်ဆီးလိုက်ရကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးပြောဆိုမှုအရ သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၂၁ ရက်နေ့၊ ယမန်နေ့ ညနေ ၄ နာရီထိုးခါနီးခန့်လောက်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မှော်တောင်ရပ်ကွက်၊ အကွက်(၄၀၆-B)၊ ကန်တော်ကြီးတောင်ဘက်ခြမ်း၊ အောက်လမ်းလမ်းဆုံတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှဝန်ထမ်း ၅ ဦးသည် တန်ပိုကြေးများကောက်ခံနေစဉ်အတွင်း အနောက်ဘက်မှ အရှေ့ဘက်သို့ ဆိုင်ကယ်တစ်စီးဖြင့်လူငယ် ၂ ဦးမောင်းနှင်လာပြီးတော့ အနောက်မှ လိုက်ပါလာသူက တရုတ်လက်ပစ်ဗုံးဖြင့် ယာဉ်အောက်သို့ ပစ်ခတ်သွားရာ လက်ပစ်ဗုံးမှာပေါက်ကွဲခြင်းမရှိသော်လည်း ယာဉ်နှင့်လူများမှ ထွက်ပြေးခဲ့ကြောင်း သိရသည်။
ထို့နောက် သက်ဆိုင်ရာသို့ အကြောင်းကြားပြီး သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များရောက်ရှိလာပြီးတော့ စုံစမ်းစစ်ဆေးကာ လမ်းသွား/လာသူများ အန္တရာယ်မရှိစေရန်အတွက် ပြုလုပ်ပေးပြီးနောက် ပေါက်ကွဲမှုမရှိသောလက်ပစ်ဗုံးကို ယမ်းပျော့ကပ်၍ ဖောက်ခွဲဖျက်ဆီးခဲ့ရကြောင်းလည်း သိရသည်။