၂၂. ၄. ၂၀၂၃
Written by Naing Thuta
မန္တလေးမြို့တွင် ယမန်နေ့ညဦးပိုင်းက လေပြင်းတိုက်ခတ်ကာမိုးသည်းထန်စွာရွာသွန်းစဉ် အမျိုးသားတစ်ဦး ဆိုင်ကယ်မတော်တဆဖြစ်ပွားပြီး ခေါင်းကိုထိခိုက်ကာသေဆုံးသွားကြောင်း မဏီစလလူမှုကူညီရေးအသင်း(မန္တလေး)မှ သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၂၁ ရက်နေ့ညဦးပိုင်း ၈ နာရီကျော်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၃၅ လမ်း၊ လမ်း ၉၀နှင့် သင်္ဂဇာချောင်းပတ်လမ်းကြားတွင် အသက် ၃၀ ကျော် အမျိုးသားတစ်ဦးသည် ဆိုင်ကယ်မတော်တဆမှုဖြစ်ပွားပြီး ဦးခေါင်းကိုထိခိုက်ထားသောကြောင့် မဏီစလလူမှုကူညီရေးအသင်း(မန္တလေး)မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီးနောက် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“သေတဲ့သူက လေတွေတအားတိုက်ပြီး မိုးကြီးတဲ့အချိန် ဆိုင်ကယ်နဲ့ အိမ်ကိုအပြန်မှာ ဆိုင်ကယ်စလစ်ဖြစ်ပြီး ခေါင်းထိ သေဆုံးသွားတာပါ။ အသင်းကတော့ သတင်းရရခြင်း တန်းသွားပြီး အတတ်နိုင်ဆုံး ကယ်ဆယ်ရေးလုပ်ပေးပြီး ဆေးရုံအပို့မှာ သေသွားတာပါ။ မီးကလည်းပျက် မိုးတွေကလည်းရွာဆိုတော့ ဆိုင်ကယ်နဲ့ အလောတကြီးပြန်လာလို့ မှောက်သွားတာပဲဖြစ်မယ်။ သူ့မိသားစုကိုတော့ အကြောင်းကြားပြီးပါပြီ” ဟု မဏီစလ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။