MT News
Written by Min Mahar
ဧပြီလ ၂၀ ရက် မွန်းလွဲပိုင်းက PDF အဖွဲ့၏ Drone ဗုံး ၃ လုံးဖြင့်ပစ်ခတ်မှုကြောင့် မတ္တရာမြို့ရှိ ထွေအုပ်ရုံး၊ ဆေးရုံနှင့်ဘုန်းကြီးကျောင်းပေါ်သို့ ကျရောက်ခဲ့သဖြင့် အဆောက်အဦများ ပျက်စီးသွားသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၂၀ရက် မွန်းလွဲ ၁၂ နာရီကျော်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့တွင် PDF အဖွဲ့၏ Drone ဗုံး ၃ လုံးဖြင့် ပစ်ခတ်မှုများကြောင့် မြို့ရှိ အထွေထွေအုပ်ချူပ်ရေးရုံး၊ ဆေးရုံနှင့် ဘုန်းကြီးကျောင်းပေါ် သို့ ကျရောက်ခဲ့ရာ အဆောင်အဦများပျက်ဆီးသွားခဲ့သည်။
“PDF တွေ ပစ်တာက မြို့နယ်ထွေအုပ်ရုံးနဲ့ ရဲစခန်းကိုပစ်ခတ်တာဖြစ်မယ်။ ဒါပေမဲ့ ထွေအုပ်ရုံး၊ ဆေးရုံနဲ့ ဘုန်းကြီး ကျောင်းက လမ်းမကြီးရဲ့မြောက်ဘက်ခြမ်းမှာတစ်ဆက်တည်းရှိတော့ ကျသွားတာ။ ဆေးရုံရဲ့အရှေ့မှာ ရဲစခန်းကရှိနေတယ်။ ဆေးရုံကကံကောင်းလို့ ဝန်ထမ်းအိမ်ယာနဲ့ခွဲစိတ်ခန်းအဆောင် ကြားကျတာ၊ လူတွေတော့တစ်ယောက်မှ မထိခိုက်ပေမဲ့ အဆောင်အဦတွေတော့ ထိခိုက်ပျက်စီးသွားတယ်” ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ ဝန်ထမ်းတစ်ဦးက MT News သတင်းဌာနသို့ ပြောပြသည်။
မတ္တရာမြို့ရှိ ဒေသခံ PDF များမှ ထွေအုပ်ရုံးနှင့် ရဲစခန်းပေါ်သို့ ဧပြီလ ၂၀ ရက် နေ့လည် ၁၂ နာရီတွင် Drone ၃ ချက်ပစ်ချတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားကြောင်းလည်း သိရသည်။