MT News
ထိုင်းအစိုးရက NUG နှင့် PDF အဖွဲ့ဝင်များကို လိုက်ဖမ်းနေသဖြင့် NUG နှင့် PDF အဖွဲ့ဝင်များ ထွက်ပြေးတိမ်းရှောင်နေရသည့် လက်ရှိအချိန်တွင် SAC ဥက္ကဋ္ဌနှင့် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်တို့ ဧပြီလ ၂၁ ရက်က တွေ့ဆုံခဲ့ပြီး လက်နက်ကုန်သွယ်မှုများ ပပျောက်ရေးအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Don Pramudwinai ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ လျှော့ချရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားမဝင် လူကုန်ကူးမှုများ၊ မူးယစ်ကုန်သွယ်မှုများနှင့် လက်နက်ကုန်သွယ်မှုများ ပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်းပြီးရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ထိုင်းအစိုးရ၏ နိုင်ငံပိုင်အများပိုင်ကုမ္ပဏီဖြစ်သော PTT ကို NUG က စင်ကာပူတွင် တရားစွဲမည်ဟု ခြိမ်းခြောက်အပြီး ထိုင်းနိုင်ငံဘက်ခြမ်းတွင် NUG နှင့် PDF အဖွဲ့ဝင်များကို လိုက်လံဖမ်းဆီးမှုပြုခဲ့သည့်အပြင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင်ပါ ပိုမိုပါဝင်လုပ်ကိုင်ရန် PTT က ကြိုးပမ်းနေပြီး ဇောတိကကမ်းလွန်ရေနံလုပ်ကွက် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွင် ပြန်လည်လုပ်ကိုင်ရန် ကြိုးပမ်းနေကြောင်းလည်း ဧပြီ ၁၈ ရက်က ထိုင်းသတင်းများတွင် ဖော်ပြခဲ့သည်။