MT News
၂၂. ၄. ၂၀၂၃
ကန့်ဘလူနယ်၊ ပဇီကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်အပြီး ထပ်မံချည်းကပ်လာသော KIA နှင့် PDF များကို ဆက်လက်ရှင်းလင်းရာ အလောင်းလေးလောင်းနှင့် လက်နက်များ သိမ်းမိခဲ့သည်ဟု သိရသည်။
ဖြစ်စဥ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာအနီးတွင် PDF များက NUG ရုံးတည်ဆောက်၍ ဧပြီလ ၁၁ ရက်တွင် ဖွင့်ပွဲပြုလုပ်ရန်စီစဉ်လျက်ရှိသဖြင့် ဒေသခံပြည်သူတို့၏ အချိန်နှင့် နေရာတိကျစွာ သတင်းပေးပို့လာမှုအရ တပ်မတော်က လေကြောင်းအကန့်အသတ်ဖြင့် တိုက်ခိုက်ခဲ့သည်။
ထို့ပြင် ဧရာဝတီမြစ်အရှေ့ခြမ်းတွင် NUG အရှေ့ဘက်ဌာနချုပ်အဖြစ် အခြေပြုရန် ကြိုးပမ်းနေသော မန်ဝိန်း၊ စီသာ၊ မန်ခါး၊ စီသောင်၊ စီမူလေး၊ စီမူကြီး၊ တုံးကောက်၊ ရွာသစ်ကုန်းနှင့် နမ့်လန်ကျေးရွာများ တစ်ဝိုက်ရှိ KIA ရင်း(၁၂)နှင့် PDF များကို မတ် ၂၃ ရက်မှ ဧပြီ ၈ ရက်အထိ စစ်ဆင်ရေး ဆောင်ရွက်ခဲ့ရာ အလောင်းနှင့်လက်နက်၊ ခဲယမ်းများ သိမ်းမိခဲ့ပြီး ကျေးရွာများ၌ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ကျေးလက်ဆေးပေးခန်းနှင့် လူနေအိမ်များတွင် ဘန်ကာများ၊ ပစ်ကျင်းများနှင့် မိုင်းအတားအဆီးများ ထောင်ထားခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
ဆက်လက်၍ KIA နှင့် PDF များ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများ၌ ထပ်မံရောက်ရှိနေကြောင်း ပြည်သူများ၏ သတင်းပေးပို့မှုအရ ဧပြီ ၂၀ ရက်တွင် တပ်မတော်စစ်ကြောင်းများဖြင့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး KIA/PDF များ မြောက်ဘက်သို့ ထွက်ပြေးသွားခဲ့သည်။
အဆိုပါကျေးရွာ အနီးတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးခဲ့ရာ ဘုန်းကြီးကျောင်းအုတ်တံတိုင်းအနီးမှ အလောင်း ၄ လောင်း၊ ကျည်အိမ် ၂ ခု၊ ၄၀ မမဗုံးသီး ၅ လုံး၊ သဲအိတ်ဘန်ကာများ၊ ကျောင်းခြံစည်းရိုးအနီးဆက်သွယ်ရေးမြောင်းနှင့်ပစ်ကျင်းများ KIA နှင့် PDF များ အသုံးပြုခဲ့သည့် ဆိုင်ကယ် ၇ စီး၊ လူနေတဲများ၊ ၁၂ ဗိုကျည် ၁၀ တောင့်၊ မိုင်းရှာစက် ၁ လုံး၊ ဘက်ထရီအိုးအကြီး ၃ လုံး၊ ပြောက်ကျားယူနီဖောင်းများနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။