MT News
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလေကြောင်းနှင့်အာကာသအေဂျင်စီ(နာဆာ-NASA) က ၎င်း၏ အသုံးပြုခြင်းမရှိတော့သော Rhessi အမည်ရှိဂြိုဟ်တုအဟောင်းတစ်ခု ကမ္ဘာမြေပေါ်သို့ ဧပြီလတတိယပတ်အတွင်းပြန်လည်ကျရောက်မည်ဖြစ်ကြောင်း ဧပြီလ ၁၉ ရက်ညပိုင်းတွင် ကမ္ဘာ့လေထုအတွင်း ထိုဂြိုဟ်တုအဟောင်းက ပြန်လည်ဝင်ရောက်လာနိုင်ကြောင်း ကြေညာထားခဲ့ပြီးနောက် ဧပြီ ၁၉ ရက်ညတွင် ယူကရိန်းမြို့တော်ကီးအက်ဗ်၏ကောင်းကင်ယံ၌ ထိန်လင်းလျက်ရှိသော အမျိုးအမည်မသိ အရောင်များထွက်နေသည့် အရာဝတ္တုတစ်ခုကို တွေ့ခဲ့ကြရကြောင်း သိရသည်။
ကီးအက်ဗ်မြို့ရှိ ယူကရိန်းအစိုးရအရာရှိများက ထိုအရာဝတ္တုမှာ နာဆာ၏ ဂြိုဟ်တုဟောင်း ကမ္ဘာ့လေထုအတွင်း ပြန်လည်ဝင်ရောက်လာခြင်းဟု သံသယရှိခဲ့ကြသည်။ သို့သော် နာဆာအဖွဲ့ကမူ ထိုအရာဝတ္တုမှာ ၎င်းအဖွဲ့၏ Rhessi ဂြိုဟ်တုဟောင်းမဟုတ်ကြောင်းနှင့် Rhessi က ကမ္ဘာပတ်လမ်းကြောင်းအတွင်း၌သာ ရှိနေသေးကြောင်း ပြောခဲ့သည်။
ယူကရိန်းလေတပ်က အဆိုပါအရာဝတ္တုက ကမ္ဘာလေထုအတွင်းဝင်ရောက်လာသော ဥက္ကာခဲတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ကြောင်း နောက်ပိုင်းတွင် ပြောခဲ့ကြသည်။ မည်သည့်အရာပင်ဖြစ်စေ ၎င်းက ရုရှားတို့၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် ဖြစ်လာရသော အလင်းတန်းများမဖြစ်နိုင်ကြောင်းပြောခဲ့ကြသည်။
ထိုအရာဝတ္တုက ကီးအက်ဗ်မြို့ပေါ် ကောင်းကင်ယံ၌ ဧပြီ ၁၉ ရက် ညပိုင်း ဒေသစံတော်ချိန် ၁၀ နာရီ (ဂရင်းနစ်စံတော်ချိန် ၇ နာရီ) ခန့်တွင် ထိန်လင်းလျက်တည်ရှိနေခဲ့ခြင်းဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုသတိပေးချက်များ ထွက်ပေါ်လာခဲ့သည်။ သို့သော် လေကြောင်းရန်ကာကွယ်ရေးအရဆောင်ရွက်ခဲ့ခြင်းမရှိဟုဆိုသည်။
နာဆာ၏ Rhessi ဂြိုဟ်တုကို ၂၀၀၂ ခုနှစ်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ၎င်းအား ၂၀၁၈ ခုနှစ်တွင် အသုံးပြုမှု ရပ်ဆိုင်းခဲ့ပြီဖြစ်ကြောင်းနှင့် ထိုဂြိုဟ်တုအဟောင်းမှာ ယနေ့တွင် ကမ္ဘာမြေပေါ်ပြန်ကျလာမည်ဖြစ်သည်။
Ref—-BBC