MT News
Written by Nay Aung
ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ အမြန်လမ်းရဲတပ်ဖွဲ့သည် Phaholyothin လမ်းမကြီးကို ဖြတ်သန်းမောင်းနှင်နေသော ကားများကို စုံစမ်းစစ်ဆေးနေချိန်အတွင်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၃ ဦးကို ဧပြီ ၁၉ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
အယုဒ္ဓယမြို့ အမြန်လမ်းရဲတပ်ဖွဲ့သည် Phra Nakhon Si Ayutthaya ပြည်နယ်ရှိ Phaholyothin လမ်းမကြီးကိုဖြတ်သန်းမောင်းနှင်လာသော ပစ်ကပ်ကားနှစ်စီးကို မသင်္ကာသည့်အတွက် စစ်ဆေးရာမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်အတူ ထိုင်းနိုင်ငံသား ကားမောင်းသမားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံသားဖြစ်သည့်အသက် ၄၁ နှစ်အရွယ်ရှိ Mr. Watcharapong ဆိုသူ မောင်းနှင်လာသော ကားအတွင်းမှ ရွှေ့ပြောင်းအလုပ်သမား ၁၂ ဦး နှင့် အသက် ၃၁ နှစ်အရွယ်ရှိ Mr. Sirapat ဆိုသူမောင်းနှင်လာသောကားပေါ်မှ ရွှေ့ပြောင်းအလုပ်သမား ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး Prathan Jatuphan က ပြောသည်။
အဆိုပါကားနှစ်စီးပေါ်တွင်လိုက်ပါလာသော နိုင်ငံခြားသားများသည် တရားဝင်စာရွက်စာတမ်းအထောက်အထားများ ပါဝင်ခြင်းမရှိသည့်အတွက် ဖမ်းဆီးရခြင်းဖြစ်ကြောင်း ထိုင်း ရဲတပ်ဖွဲ့ကပြောသည်။ ဖမ်းဆီးခံရသော ထိုင်းနိုင်ငံသား ကား မောင်းသမားတစ်ဦးဖြစ်သော Mr. Watcharapong က ကားပေါ်တွင်လိုက်ပါလာသူများသည် မြန်မာနိုင်ငံသားများဖြစ်ပြီး ထိုင်းနိုင်ငံတက်ခ်ခရိုင်မှ ပထုန်ဌာနီ ပြည်နယ်သို့ ပို့ဆောင်ပေးရမည်ဖြစ်ကာ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးအတွက် ပို့ဆောင်ခအဖြစ် ထိုင်းဘတ် ၁၀၀၀ ရရှိကြောင်း ဝန်ခံပြောဆိုထားသည်။
ဖမ်းဆီးခံရသူများထဲတွင် ပါဝင်သော မြန်မာနိုင်ငံသား နွယ်ရိုးက ၎င်းသည် ထိုင်းနိုင်ငံရှိခေါက်ဆွဲခြောက်စက်ရုံတွင် ၅ နှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့ဖူးကြောင်း၊ ထိုင်းနိုင်ငံတွင်အလုပ်လုပ်ပြီးနောက် မိခင်နိုင်ငံသို့ ပြန်သွားခဲ့ပြီး မိတ်ဆွေ၊ သူငယ်ချင်းများကို ထိုင်းနိုင်ငံသို့လာရောက်လုပ်ကိုင်ရန် ဖိတ်ခေါ်ခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့သည်။ ၎င်းအနေဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် ဆန္ဒရှိနေသော မြန်မာနိုင်ငံသား ၂၃ ဦးကို နယ်စပ်တောလမ်းကိုဖြတ်သန်းပြီး မဲဆောက်မြို့ကိုခေါ်ဆောင်လာခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့သည်။
Ref— Mgronline