၂၁. ၄. ၂၀၂၃
Written by Nyein Kyaw
ပြီးခဲ့သည့် မတ်လအတွင်း ဖွင့်လှစ်ခဲ့သည့် မြန်မာ- တရုတ်နယ်စပ် ပန်ဆိုင်း-ဝမ်တိန်ဂိတ်မှ ဖရဲ၊ သခွားကို အဓိကတင်ပို့နေပြီး ကုန်စည်စီးဆင်းမှုတွင် ကုန်ကားအသေးများကိုသာ ခွင့်ပြုထား၍ ကုန်ကားကြီးများနှင့် လူအဝင်အထွက်ကိုမူ လက်ရှိအချိန်အထိ ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။
“ဝမ်တိန်အခြေအနေက ခြောက်ဘီးကားလေးလောက်ပဲ သွားလို့ရသေးတယ်။ ကားကြီးတွေ ခွင့်မပြုဘူး။ လူအဝင်အထွက်လုပ်လို့မရသေးဘူး။ အဓိကတော့ ဖရဲနဲ့သခွားကားတွေ သွားတာများပါတယ်” ဟု မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပန်ဆိုင်း-ဝမ်တိန်နယ်စပ်ဂိတ်သည် မြန်မာနိုင်ငံဘက်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် တရုတ်နိုင်ငံ ဝမ်တိန်မြိုတို့ကို ဆက်သွယ်ထားသည့် နယ်စပ်ဂိတ်ဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံမှ ထွက်ရှိသည့် သစ်သီးများ (အဓိက ဖရဲ၊ သခွားများ)ကို တင်ပို့လျက်ရှိကြောင်း သိရသည်။
“ဝမ်တိန်က ရှန်တိန်သဘောမျိုးပေါ့။ သစ်သီးကားတွေတော့ အဲဒီကနေ သွားတာတွေတော့ရှိတယ်။ ကျင်စန်းကျော့ဂိတ်ကို မလာဘဲ အဲဒီဘက်ကနေ ကားအသေးတွေ သွားတာတော့ရှိတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ ပန်ဆိုင်း-ဝမ်တိန် သမိုင်းဝင်နယ်စပ်ဂိတ်ပေါက်ကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လဆန်းပိုင်းတို့တွင် ပြင်ဆင်မှုများဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မတ်လ ၂၀ ရက်တွင် အစည်းအဝေး ပြုလုပ်၍ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။