SpaceX မှ တီထွင်သည့် စွမ်းအားအကောင်းဆုံး အမေရိကန်၏အာကာသဒုံးပျံမှာ စမ်းသပ်ပစ်လွှတ်ပြီး ၄ မိနစ်အကြာတွင်ပင် ပေါက်ကွဲခဲ့ခြင်းဖြစ်
၂၁. ၄. ၂၀၂၃
ကမ္ဘာပေါ်တွင် ဒုတိယမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ကြသည့် အီလွန်မတ်စ်ခ် ပိုင်ဆိုင်ပြီး ၎င်းကိုယ်တိုင်အမှုဆောင်အရာရှိချုပ်အဖြစ်ဆောင်ရွက်သည့် အာကာသစူးစမ်းလေ့လာရေးနည်းပညာကော်ပိုရေးရှင်း SpaceX မှ တီထွင်ထုတ်လုပ်ခဲ့သော စွမ်းအားအကောင်းဆုံး အာကာသဒုံးပျံဖြစ်သည့် Starship မှာ ဧပြီလ ၂၀ ရက် နံနက်တွင် အမေရိကန် ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်တောင်ပိုင်းမှ လူလိုက်ပါခြင်းမရှိဘဲ စမ်းသပ်ပစ်လွှတ်ပြီးရာ ပစ်လွှတ်ပြီး လေးမိနစ်အကြာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Starship မှာ တည်ဆောက်ပြီးသမျှ ဒုံးပျံများအနက် စွမ်းအားအကောင်းဆုံးဖြစ်ပြီး အင်ဂျင် ၃၃ လုံးတပ်ဆင်ထားသည်။ အီလွန်မတ်စ်ခ်က လူသားများအား မားစ်ဂြိုဟ်သို့ ပထမဆုံးအကြိမ်ပို့ပေးနိုင်ရန် Starship က အခြေခံအားဖြင့်အထောက်အကူပြုမည်ဟုလည်း ပြောခဲ့သည်။
အမေရိကန် ပြည်ထောင်စု အမျိုးသားလေကြောင်းနှင့်အာကာသအေဂျင်စီ(နာဆာ)ကလည်း SpaceX ကုမ္ပဏီ၏ အဆိုပါ Starship ဒုံးပျံကို လပေါ်သို့ဆင်းသက်နိုင်သည့်အာကာသယာဥ်အဖြစ် အသုံးပြု၍ အာကာသယာဥ်မှူးများအား သီးခြားအာကာသယာဥ်တစ်စီးပေါ်မှ လမျက်နှာပြင်ပေါ်အသွားအပြန်ပို့ပေးရန် ရည်ရွယ်ခဲ့သည်။ ထိုသို့ ရည်ရွယ်မှုကို ၂၀၂၅ ခုနှစ်တွင် စတင်လုပ်ဆောင်နိုင်ရန်လည်း စီစဥ်ထားခဲ့သည်။
Starship ပေါက်ကွဲမှု ဖြစ်ရခြင်းက ၎င်း၏ပစ်စင်မှခွဲထွက်မှုယန္တရားများတွင် ပြဿနာများရှိခဲ့မှုကြောင့်ဟု ကနဦးသုံးသပ်ထားကြသည်။
Ref—CNN