၂၁. ၄. ၂၀၂၃
Written By Thandar
အမြင့်ဆုံးမှာ၊ အပြစ်ရှိလား၊ ချစ်ခြင်းကို မခွဲပါနဲ့ သီချင်းတွေနဲ့ ပရိသတ်အားပေးမှုရရှိခဲ့တဲ့ Rock အဆိုတော် ကောင်းဆက်က သူ့ရဲ့ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ “တိမ်တိုက် နတ်သမီး” သီချင်းကို ပရိသတ်အတွက် မွေးနေ့လက်ဆောင်ပေးမယ်လို့ MT News ကို ပြောပါတယ်။
လာမယ့် ဧပြီ ၂၆ ရက်နေ့မှာ ကျရောက်မယ့် အသက် ၅၈ ပြည့်မွေးနေ့မှာ ဂီတမှတ်တိုင်တစ်ခုအနေနဲ့ ကိုယ်တိုင်ရေးထားတဲ့ ကိုယ်ပိုင်သီချင်းကို ရာဒုတ်နဲ့အတူ သီဆိုပြီး Iron Cross က တီးခတ်ထားတာဖြစ်ပါတယ်။
“ကျွန်တော့်ရဲ့ တစ်ချိန်က ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ သီချင်းလေးဖြစ်တယ်။ Iron Cross ကလည်း လာမယ့် ဧပြီ ၂၇ ရက်မှာ ဂီတသက်တမ်း ၃၃ ပြည့်တယ်ပေါ့။ ကိုယ့်မွေးနေ့အနေနဲ့ ပရိသတ်ကို လက်ဆောင်ပေးမှာပါ။ ကိုယ်က ကြားထဲမှာ သီချင်းတွေမဆိုဖြစ်ခဲ့ဘူး။ တီးဝိုင်းကိစ္စတွေလုပ်နေတယ်။ ရာဒုတ်ကလည်း နှစ်ယောက် ပြန်ဆိုချင်တယ်ဆိုတော့ ကိုယ်တို့ပြန်ဆိုကြတာပါ။ ငယ်ငယ်တုန်းကလို သီချင်းတွေဆိုရတာ မတက်ကြွတော့ဘူးပေါ့။ ငယ်စဥ်က တက်ကြွလန်းဆန်းချိန်ဆိုတော့ သီချင်းဆိုရတာ တစ်မျိုးပေါ့။ ကိုယ့်ရဲ့အောင်မြင်ခဲ့တဲ့ သီချင်းလည်းဖြစ်တယ် ”လို့ ကောင်းဆက်က ပြောပါတယ်။
လက်ရှိကာလမှာ ကိုယ်တိုင်ရေး ကိုယ်ပိုင်သံစဥ် သီချင်းတွေ အပုဒ် ၂၀ ကျော် ရေးသားထားပြီး သီချင်းသစ်တွေကို Single Song အနေနဲ့ ပရိသတ်ကို တင်ပေးသွားမယ်လို့လည်း ဆိုပါတယ်။ ကောင်းဆက်က ကိုဗစ်ရောဂါဖြစ်ခဲ့တဲ့အတွက် ကိုယ်တစ်ခုခုဖြစ်ခဲ့ရင်ဆိုတဲ့စိတ်နဲ့ သီချင်းတွေကို ရေးသားတီးခတ်ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုတော် ကောင်းဆက်ဟာ ၁၉၈၇ ခုနှစ်မှာ ဂီတလောကထဲ ရောက်ခဲ့ပြီး ၁၉၉၂ ပထမခွေ “စိတ်ကူးနိဒါန်း” ၊ ဒုတိယခွေ “သူရဲကောင်းဝိညာဥ်” ၊ တတိယခွေ “မှော်မင်းသမီး” စတာတွေနဲ့ အတွဲခွေတွေ ထွက်ရှိခဲ့သလို ”စရဏ” ဆိုပြီး မဂ္ဂင် ၈ ပါး အကြောင်းကို ရေးစပ်ထားတဲ့ သီချင်းကိုလည်း မကြာခင်က ထွက်ရှိထားပါတယ်။